
လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အချိန်အတွင်းက ဖြစ်တယ်။ ဒီအချိန်ဟာပထမဆုံးစပြီး တိုင်းပြည်မှာဘရမ်းဘတာစဖြစ်
တဲ့ အချိန်လို့ ဆိုရမယ်။
လက်နက်ကိုင်အင်းအားစုအမျိုးမျိုးဟာ ရရာလက်နက်တွေတကိုင်ကိုင်နဲ့ တောရွာကျေးလက်တွေမှာ မင်းမူကြတယ်။ ပြီးတော့
သူတို့အချင်းချင်းလဲ တဖွဲ့နဲ့ တဖွဲ့မတဲ့ကြဘူး။ ဘာလက်နက်မှမရှိတဲ့ တောသူတောင်သားတွေကတော့ သူတို့ကိုဘဲ ကြောက်
လန့်နေရတယ်။
အဆင်မပြေယင် ဒီလက်နက်ကိုင် လူအမျိုးမျိုးတွေက လူရှေ့သူရှေ့မှာဘဲဖြစ်ဖြစ် သူတို့မကြိုက်တဲ့လူကို ပြောင်ဆွဲထုပ်သွား
ပြီးသတ်ပစ်တာလဲရှိတယ်။ တိတ်တိတ်ချောင်းပြီး ပစ်သတ်သွားတာမျိုးလဲရှိတယ်။ ဓါးပြတွေကလဲ တဖုတ်ဖုတ် တိုက်နေတယ်။
အစိုးရအဖြစ် အုပ်ချုပ်တဲ့လူတွေကလဲ ထစ်ကနဲဆိုယင် ဖမ်းလားဆီးလားလုပ်နေပြန်တော့ တောသူတောင်သားတွေဟာ ကမ္ဘာ
ပျက်တဲ့ အချိန်မှာ လူဖြစ်ရသလို တခုခုကိုအမြဲစိုးရိမ်ကြောက်လန့်နေရပြီး ဘာမှမလုပ်ရဲ မကိုင်ရဲတဲ့အချိန် ဖြစ်တယ်။
ဓားပြရန်၊ ပြန်ပေးရန်ကအစ မင်းဘေး စိုးဘေးကိုပါ ကြောက်ရွံ့နေကြရပြီး နေ့လယ်နေ့ခင်းသာ ကိုယ့်အလုပ်အကိုင်ကလေးကို
ဝတ်ကျေတန်းကျေးလုပ်ကိုင်စားပြီး ညဘက်မှာဆိုယင် ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုမအိပ်ရဲဘဲ ပြောင်းရွှေ့ပုန်းအောင်ပြီး အိပ်နေ
ကြရတဲ့အချိန်မျိုးမှာ.....
တနေ့တော့ ခလောက်နို့ရွာကို အာဏာရ နိုင်ငံရေးပါတီက လူတယောက်ရောက်လာပြီး လွတ်လပ်ရေးအကြောင်း ၊ လွတ်လပ်
ရေးရဲ့ တန်းဘိုးအကြောင်း သူ့မိတ်ဆွေတဦးရဲ့ အိမ်မှာ ထိုင်ပြီး ပြောပြနေတယ် ။
ဒီတော့ အိမ်ရှင်က " ခင်ဗျားပြောတာတွေဟာ ဟုတ်တယ်ဘဲထားပါတော့ ၊ ဒို့ကတော့ တောကျေးလက်မှာ ရိုးရိုးနေပြီး ကိုယ့်
ဝမ်းစာကို ကိုယ်ရှာစားတဲ့လူတွေဆိုတော့ ငါတခုမေးချင်တယ် ၊ မင်းတို့လွတ်လပ်ရေးကို တမျိုးနဲ့ပြန်လဲလို့ မရဘူးလား " တဲ့။
ဒီလိုမေးတော့ ဧည့်သယ်က အံ့အားသင့်ပြီး " ဟာ.... ခင်ဗျားဘာစကားပြောတာလဲ ၊ ဒီလွတ်လပ်ရေးရဘို့အတွက် ဘယ်
လောက်ကြိုးစားခဲ့ရတယ်ဆိုတာမှ ခင်ဗျားမသိဘူးလာ " လို့ ပြန်ပြောတယ် ။
ဒီအခါ အိမ်ရှင်က " မသိပါဘူးဗျာ ၊ ဒီလွတ်လပ်ရေးမျိုးသာ ရမယ်လို့ အစကသိရယင်ကျုပ်တို့ကခုခံပြီး မလိုချင်တဲ့အကြောင်း
ပြောမှာပေါ့ ၊ အခုဒီလွတ်လပ်ရေးကြီးရပြီး မကြာဘူး ၊ တညမှ အိမ်မှာမအိပ်ရဲသေးဘူး ၊ ကောင်းကောင်းအိပ်လို့ စားလို့ရတဲ့
လွတ်လပ်ရေးမျိုးနဲ့ လဲလို့ရယင် ပြန်သာလဲကြပါကွာ " လို့ သူအသိနဲ့သူ နားလည်သလိုပြန်ပြောတယ် ။
ဒါနဲ့ ဧည့်သည်က သူ့မိတ်ဆွေအိမ်ရှင်နဲ့တော့ စကားပြောလို့မဖြစ်ပါဘူးလို့ သဘောပေါက်ပြီး နိုင်ငံရေးအကြောင်းမပြောဘဲ
အသာနေလိုက်ကာ ၊ တခြားအကြောင်းတွေကို လှီးလွှဲပြီး ပြောတော့တယ်။
ညနေပြန်ခါနီးကျတော့ ဧည့်သည်က တခါဆက်ပြီး " ကျနော်တို့ဟာ မကြာတော့ပါဘူး ၊ လူတိုင်း တိုက်အိမ်နဲ့ နေကြရတော့
မှာပါ ၊ တိုက်ဆောက်နိုင်ကြပါလိမ့်မယ် " လို့ အစချီပြီး အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် ၊ ရည်မှန်းချက်တွေကို တင်
ပြပြန်တယ် ။
ဧည့်သည်ရဲ့စကားဆုံးတော့ အိမ်ရှင်က " ငါကတော့တိုက်နဲ့လဲမနေချင်ဘူး ဆိုပါအုံးကွာ ငါက တိုက်ဆောက်နိုင်တယ်လို့ဘဲ
ထားပါဦး ၊ ဒီတိုက်ကြီးရဲ့ ဘယ်နေရာမှာ ငါ့အုန်းဆီပုလင်းကို သွားဆွဲထားရမှာလဲကွ ၊ တိုက်ဆိုတဲ့ ဥစ္စာကြီးက အထဲရော အ
ပြင်ရော ပြောင်ချောနေတာ ၊ ဘယ်လိုလုပ်ပြီး ချိပ်ထားလို့ ဖြစ်မှာလဲ " လို့ ပြန်ပြောလိုက်သတဲ့ ။
အာဏာရပါတီက မိတ်ဆွေလဲ နှုတ်ဆက်ပြီး ဘားအံ့မြို့ကို ပြန်သွားတော့တယ်။
Friday, November 5, 2010
သူ့အသိနဲ့သူ
Sunday, October 24, 2010
မီးခြစ်မပါဘူး

ခလောက်နို့ ကော့ဖျားရွာမှာ ဗမာစကားမတတ်တဲ့ သမီးရယ်၊ သမက်ရယ်၊ အဖေအိုကြီးရယ် တအိမ်ထဲတူတူနေကြတယ်။
အဖေအိုကြီးကတော့ နှီးဖျာ တောင်ရက်နဲ့ ခြံထဲမှာ တကုတ်ကုတ် ကုတ်အလုပ်လုပ်နေတယ်။ သမီးကလဲအိမ်မှုကိစ္စတွေ
အပြင် အိမ်နားမှာ စားပင်သီးပင်တွေ စိုက်ပြီး သူလဲတလုပ်လုပ်နဲ့ အလုပ်နဲ့လက်မပြတ်အောင် လုပ်နေတယ်။ သမက်က
တော့ ဖားအံမြို့ပေါ်ကို နေ့စားအလုပ်ကြမ်းသမားအဖြစ်နဲ့ သွားလုပ်တယ်။
ခြောက်မိုင်းလောက်ဝေးတဲ့ ဖားအံနဲ့သူတို့ရွာကို မနက်အစောကြီး ခြေလျှင်သွားပြီး ညနေ အလုပ်သိမ်းတော့လဲ ခြေလျှင်
ဘဲပြန်ခဲ့တယ်။ ဒါလောက်ခရီးဟာ သူ့အဖို့ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတယ်။
ဒီလို နေ့ရှိတိုင်းသွားနေရတော့ ဖားအံမြို့အ၀င် ဂိတ်ကလူတွေကလဲ သူ့မျက်နှာကိုမှတ်မိနေတယ်။ ကြာတော့သူ့ကိုတွေ့
ယင် လူရိုးအလုပ်သမားဆိုတာ သိပြီးသားဖြစ်နေတာနဲ့ အမေးအမြန်းတောင်မလုပ်တော့ဘူး။
တညနေတော့ ဒီလူဟာ အလုပ်ချိန်ကုန်လို့ ရွာကိုပြန်လာတဲ့အခါ ဂိတ်ရှေ့ရောက်တော့ မျက်နှာတန်းမိတေဲ့ ဂိတ်စောင့်က
" သူငယ်ချင်း၊ ဒီကနေ့ အလုပ်သိမ်းနောက်ကျလှပါသလား " လို့ ဗမာလိုမေးပြီး နှုတ်ဆက်တယ်။
ဒီတင်ဂိတ်စောင့်က ဘယ်လိုမေးလိက်တယ်ဆိုတာ နားမလည်တာနဲ့ မတော် ဆေးလိပ်မီးတောင်ညှိတာများ ဖြစ်မှာလား
လို့သူကတွေးမိပြီး " မီးဒွိုက်အောအေး " လို့ ပြောပြီး ဆက်လျှောက်လာတယ်။ မီးဒွိုက်အောအေးဆိုတာ ဗမာလို " မီးခြစ်
မပါဘူး " လို့ ဆိုတာဖြစ်တယ်။
ကရင်စကားမတတ်တဲ့ ဗမာဂိတ်စောင့် ရဲဘော်ကလဲ ပြန်ပြောတဲ့စကားကို နားမလည်ပေမဲ့ ပြုံးပြီးကျန်ရစ်ခဲ့တယ်။
ဒီလူဟာ အိမ်ကိုရောက်တဲ့အခါကျတော့ သူယောက္ခမကြီးကို " ဒီကနေ့ လမ်းကဂိတ်မှာ အစောင့်တယောက်က မီးခြစ်
တောင်းတယ်၊ ကျနော်က မရှိဘူးလို့ ပြောပြီး မြန်မြန်လျှောက်ခဲ့တယ် " လို့ လက်ဟန်ခြေဟန်နဲ့ ပြောပြတယ်။
ဒီတော့ နားနဲနဲလေးတဲ့ ယောက္ခမကြီးက " အေး-သူတို့ကို အသိမလုပ်နဲ့ ၊ ဒီလူတွေဟာ လူတွေ့တိုင်း ဆေးတံသောက်
ဆေး ပါသလား မေးမေးနေတယ် " လို့ ပြန်ပြောလိုက်ပါသတဲ့။
Friday, October 22, 2010
ခံရတဲ့အလှည့်

ဖားအံနယ်မှာရှိတဲ့ ခလောက်နို့ရွာက လူတွေဟာ သူတထူးကို နောက်ရာ ပြောင်ရာ မထီတရီလုပ်ရာမှာ ဗိုလ်စွဲတဲ့လူတွေ
ဖြစ်တယ်။ ဒီလိုနယ်ကျော်အောင် ပျော်တတ်တဲ့လူတွေဖြစ်ပေမဲ့ ခံတဲ့အခါ ခံရတဲ့အပိုင်းလဲရှိတယ်။
တချိန်က ဖားအံနယ်က ကရင်ရွာတိုင်းလောက်မှာ ဒုံးအဖွဲ့တွေရှိဘူးတယ်။ ဗမာရွာကြီးတွေက အရပ် ယိမ်းအဖွဲ့၊ ဒိုးပတ်
အိုးစည် အဖွဲ့တွေရှိကြသလို ဖြစ်ပါတယ်။ ခလောက်နို့ရွာကလဲ ကာလသားတယောက်က ဒုံးဆရာလုပ်ပြီး ဒုံး(ယိမ်း)အ
ဖွဲ့တဖွဲ့ ဖွဲ့ထားတယ်။ ဒုံးယိမ်းအဖွဲ့ခေါင်းဆောင်ကို ဒုံးဆရာလို့ခေါ်တယ်။
ဒုံးဆရာ သူ့စိတ်ကြိုက်ရွေးထားသူတွေကတော့ ရွာထဲမှာ အရုပ်ဆိုးဆုံးကာလသား ၈ယောက်နဲ့ ကာလသမီး၈ယောက်
ဖြစ်တယ်။ ဒီဒုံးအဖွဲ့ဝင် အပျိုလူပျို ၁၆ယောက်ဟာ အရုပ်ဆိုးလှပေမဲ့ အသံ အင်မတန်ကောင်းသူတွေချည်းဘဲ။
ဒုံးယိမ်းအကဟာ ဒုံးသီချင်းဆိုယင်း ခြေဟန်လက်ဟန်ညီညီညာညာနဲ့ ကရတဲ့ အကမျိုးဖြစ်တော့ ဆရာကသူ့အစွမ်းရှိ
သလောက် ကကြိုးကကွက် ကပုံကနည်း၊ လူခွဲပုံ၊ လူစုပုံ၊ လှည့်ပုံပတ်ပုံ၊ လက်ဟန်ခြေဟန်ကို စုံနိုင်သမျှစုံအောင် သင်
ထားတယ်၊ သူစပ်တဲ့ ဒုံးသီချင်းတွေကတော့ တခြားဒုံးသီချင်းတွေနဲ့မတူဘဲ ကာရန်မဲ့ ကဗျာမျိုး၊ သီချင်းမျိုးကိုစပ်ပေး
တယ်။ ဘယ်ကာရံနဲ့မှ မဟပ်မိတဲ့ကဗျာမျိုးဖြစ်တယ်။ သူ့ ဒုံးသီချင်းဟာ စည်းတွေ ကမ်းတွေနဲ့ ကာရံတွေကို မငဲ့ရတော့
ပြောချင်ဆိုချင်တာကို ဒိုးဒိုဒေါက်ဒေါက် ထိအောင်မိအောင် ပြောဆိုနိုင်တယ်။
ဒါကြောင့် အဲဒီအချိန်က ခလောက်နို့ရွာကဒုံးဟာ နာမယ်ကြီးနေတယ်။ ဘယ်ဒုံးအဖွဲ့ကမှ သူတို့ကို မယှဉ်ရဲကြဘူး။ တ
ခြားဒုံးက ရုပ်ချောတာ ရုပ်လှတာ သာသွားမယ်၊ က, တာ သာသွားမယ်၊ အဆိုကျတော့ ခလောက်နို့ဒုံးလို ကွင်းကနဲ့
ကွက်ခနဲ့ ထိထိမိမိ မဆိုနိုင်ကြဘူး။ ပြောင်မြောက်အောင်မဆိုနိုင်ကြဘူး။ သူတို့ကတော့ ဘာကာရံမှ ငဲ့နေစရာမလိုလို့
ဆိုချင်သလိုဆိုပြီး ပွဲကျအောင်လုပ်နိုင်တယ်။ ဒါကြောင့်မို့လဲ နယ်တရိုးမှာ ပြိုင်ဖက်ကင်းတဲ့ဒုံး ဖြစ်နေတယ်။
တခါတော့ နိုင်းကြာရွာအလှူတခုက ခလောက်နို့ဒုံးကို အလှူမှာ ၀ိုင်းကူပါလို့ ဖိတ်တယ်။ ဒီလိုဖိတ်တော့ ဒုံးအဖွဲ့က
ရောက်သွားရော။ ဒုံးကရမဲ့နေရာက ဘုန်းတော်ကြီးကျောင်းဝင်းထဲက မဏ္ဍပ်ထဲမှာဖြစ်တယ်။ နာမယ်ကျော် ဒုံးဖြစ်လို့
လူတွေဝိုင်းနေကြတယ်။ ဒါနဲ့ အချိန်ကျတော့ ဒုံးကိုစတယ်။ ဒုံးဆရာက သံဃာစင်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး " ဆ
ရာတော်ဘုရားများ တပည့်တော်တို့ဒုံးဟာ ဘုန်းကြီးလူထွက်ဒုံးကမှာမို့ ပြောမှားဆိုမှားရှိယင် သီးခံခွင့်လွတ်ပါ " လို့
ရှိခိုးတောင်းပန်လိုက်တယ်။
အဲဒီလို ထုံးစံအတိုင်း ဒုံးဆရာက သံဃာတော်များကို ရှိခိုးတောင်းပန်လို့လဲပြီးရော ဒုံးက ဘုန်းကြီးလူထွက်တွေကို
ပက်ပက်စက်စက် ကော်တော့ ဆော်တော့ တာဘဲ။ ဒီလို ကော်လို့ ဆော်လို့ သီချင်းတပိုဒ်ဆုံးတာနဲ့ ဒုံးဆရာက ဘုန်း
ကြီးတွေရှေ့သွားပြီး ကန်တော့ကာ သီခံဘို့ ခွင့်လွတ်ဘို့ ရှိခိုးကန်တော့ပြန်တယ်။ နောက် ဆက်ပြီး ဘုန်းကြီးလူထွက်
တွေကိုပိုပြီး ပြင်းပြင်းထန်ထန် ဆော်ပြန်တယ်။ ဒီလို အားရပါးရ ဆော်လို့တပိုဒ်ဆုံးပြန်တော့ ဒုံးဆရာက ဘုန်းကြီး
တွေရှေ့ကိုသွားပြီး ရှိခိုးတောင်းပန်ပြန်တယ်။ ဒီလို ဒုံးက ဆိုနေကနေပုံ၊ ဒုံးဆရာက ဆရာတော်တွေဆီကို ၀င်ချည်
ထွက်ချည်လုပ်ပြီး တောင်းပန်နေပုံ၊ သီချင်းစာသားက ထိလှမိလှပုံကို သဘောကျနေတဲ့ သံဃာစင်အောက်ဒေါင့်က
အဖိုးကြီးတယောက်က ဒုံးတခဏ်းနားတော့ ဒုံးဆရာကိုသူဆီလာဘို့ ခေါ်ယူတယ်။
ဒုံးဆရာက ရိုရိုသေသေနဲ့ အဖိုးအိုရဲ့အနားမှာ ထိုင်မိတဲ့အခါ အဖိုးအိုက " အေးကွ မင်းတို့ဒုံးက ကောင်းသကွ ဘာ
မှပြောစရာမရှိဘူး ဒီတော့ ဒုံးဆရာဖြစ်တဲ့ မင်းကိုဘဲငါဆုချလိုက်မယ် " လို့ ပြောပြီး သူ့ပါးစပ်ထဲက တစုံတခုကိုထပ်ပြီး
ဒုံးဆရာကို ဆုချလိုက်တယ်။
ပရိသတ်က ဘာဆုများချလိုက်ပါသလဲလို့ ၀ိုင်းကြည့်ကြတော့ ဒုံးဆရာလက်ထဲမှာ အဖိုးအိုမြုံ့ထားတဲ့ ကွမ်းသီးလုံး
လောက်ရှိတဲ့ မဲမဲကွမ်းဖတ်ကြီးဖြစ်နေတာကို တွေ့ကြတယ်။
" ငါမှာ ဆုချစရာ ဒါဘဲရှိတယ်ကွဲ့ ဒုံးဆရာရဲ့၊ အဖိုးအဖွားများဟာ မြေးများသားများကို ချစ်ယင် သူတို့အနှစ်သက်ဆုံး
ဖြစ်တဲ့ ကွမ်းဖတ်ကို ပေကြ ကျွေးကြတယ်၊ အခု ငါအနှစ်သက်ဆုံးကွမ်းဖတ်နဲ့ ဆုချလိုက်တာဘဲ " လို့ အဖိုးအိုပြောသံ
ကိုလဲ ကြားကြတယ်။
ဒုံးဆရာဟာ အဖိုးအိုက ဆုအဖြစ်ပေးတဲ့ ရွံ့စရာကွမ်းဖတ်မဲမဲကြီးကို လွှင့်ပစ်လို့လဲမဖြစ်၊ ကိုင်ပြီးနေရမှာလဲမဖြစ်နဲ့ မ
တတ်သာတဲ့အဆုံးမှာ သူပါးစပ်ထဲကိုထည့်ပြီး ငုံထားလိုက်ရတော့တယ်။
ဒီတော့ ပရိသတ်က သြဘာပေးကြတယ်။
အဲဒီလို ခလောက်နို့ရွာကလူတွေဟာ ရှုံးတဲ့အခါလှလှပပရှုံး၊ ခံတဲ့အခါလှလှကြီး ခံခဲ့ကြရတာများလဲ ရှိတာဘဲ ။


Monday, January 4, 2010
ခလောက်နို့ကို သပိတ်မှောက်တဲ့ဒုံး

တခါကခလောက်နို့ရွာမှာ အလှူကြီးတခုရှိလို့ တ၀မ်းပူရွာက ဒုံးကိုငှားပြီး ညကျတော့ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ
သွင်းဘို့စီစဉ်ကြတယ်။
ညနေစောင်းလို့ တ၀မ်းကူရွာက ဒုံးအဖွဲ့ရောက်လာတယ်ကြားတဲ့အခါ ရွာကလူတွေက " ဘယ်ရွာကဒုံးလဲ၊ ဘယ်ဆရာရဲ့
ဒုံးလဲ၊ ဘယ်သူငှားခဲ့တဲ့ဒုံးလဲ " လို့ အချင်းချင်းမေးကြ မြန်းကြတယ်။ ဒီတခါ တ၀မ်းပူရွာကဒုံးဖြစ်တဲ့အကြောင်း၊ ဒုံးက
ရှော်ရတဲ့အထဲမှာ နှဲဆရာကလဲ ၀ါးခြမ်းပြားကလေးထောင်ထားသလို ပိန်ချုံးနေတဲ့အပြင် နှဲကလဲ ညံ့သားကျလှတဲ့အ
ကြောင်း၊ ဒီဒုံးအဖွဲ့ကိုမှ သူကြီးကငှားခဲ့ကြောင်း အချင်းချင်း မေးကြဖြေကြနဲ့ တယောက်တပေါက်စီ ဖြစ်နေကြတယ်။
ဒုံးအဖွဲ့ရောက်လာပြီး ကဘို့ပြင်ဆင်နေပေမဲ့ ဒုံးအဖွဲ့ ညံ့ပုံရှော်ပုံသတင်းက ရွာထဲမှာပြန့်နှံ့နေတာနဲ့ လူတွေက တယ်မ
သွားကြလို့ ပွဲခင်းမှာ ခြောက်ကပ်ကပ်ဖြစ်နေတယ်။ တချို့ကလဲ အခြေအနေကြည့်ပြီး သွားသင့်မှသွားကြည့်မယ်လို့ ချိန်
ဆကာ ဒုံးပွဲပြန်တွေပြောမယ့် သတင်းကို နားစွင့်နေကြတယ်။
ဒုံးအဖွဲ့ကတော့ မိုးချုပ်တာနဲ့ အောက်လင်းဓာတ်မီးကြီးတွေထွန်းပြီး စကတာဘဲ။ စပြီးတယ်ဆိုယင်ဘဲ ပွဲကြည့်ပရိတ်
သတ်က ဒီဒုံးဟာ ဒုံးရှော်ကြီးဘဲလို့ သိကုန်ကြတယ်။ အရှော်ဆုံးကတော့ ဆိုင်းရောအဆိုရောကိုဦးဆောင်ပြီး မှုတ်နေ
တဲ့နှဲဘဲ။ နှဲဆရာကလဲပိန်ပြီး အားမရစရာ ဘိန်းစားရုပ်ပေါက်နေရတဲ့အထဲမှာ ကလဲမပီမသနဲ့ အထစ်ထစ် အငေါ့ငေါ့ဖြစ်
နေတော့ အစကတဲကမကောင်းတဲ့ဒုံးကို နှဲကဖျက်နေပြန်သလို ဖြစ်နေတယ်။ ဒုံးအဖွဲ့ဟာ အင်မတန်ရှော်အားကြီးတော့
ဒီညအတွက်ငှားပြီးလို့ ဘာမှမတတ်နိုင်တာနဲ့ နောက်တညမှာ တခြားဒုံးအဖွဲ့ကိုငှားဘို့ တိုင်ပင်တဲ့ လူကြီးတွေကလဲ
ကျောင်းပေါ်မှာတိုင်ပင်နေကြတယ်။ ဒီလိုတိုးတိုးတိတ်တိတ်တိုင်ပင်နေကြတုန်း ပွဲခင်းထဲက လူတယောက်တက်လာပြီး
လူကြီးတွေအနားမှာ ၀င်ထိုင်လိုက်တယ်။
ဒီတင်လူကြီးတယောက်က " ဒုံးကဘယ်လိုနေသလဲဟေ့ " လို့ ဒီလူရဲ့ အာဘော်ကိုသိချင်လို့ မေးစမ်းကြည့်တယ်။ ဒီ
တော့ဝင်ထိုင်တဲ့လူက " ဒုံးကတော့ ရှော်ပါတယ်၊ လယ်ပင်သေးသေးကလေးကျန်နေတဲ့ နှဲဆရာဟာ ဒီလိုသာ မှုတ်နေ
ရယင် ဒီညသေမလားတောင်မသိဘူး " လို့ ကောက်ကာငင်ကာ ပြောလိုက်တယ်။ ဒီစကားကိုကြားတာနဲ့ လူကြီးတ
ယောက်က အကြံရပြီး ထိုင်ရာကထကာ ကျောင်းအောက်ကိုဆင်းသွားတယ်။ ကျောင်းအောက်ရောက်တော့ ဘုန်းကြီး
က ဇရပ်အတွက် တိုက်ထားတဲ့ တပေပျဉ်၃ချပ်ကိုထမ်းပြီး ဒုံးကနေတဲ့ မဏ္ဍပ်ထဲယူသွားကာ နှဲဆရာအနားမှာ ချထား
လိုက်တယ်။ ဒါကိုမြင်တော့ ဒုံးဆရာက " ဒီပျဉ်တွေက ဘာလုပ်ဖို့လဲ၊ ဒီမှာမလိုတော့ပါကလား " လို့ စူးစမ်းတဲ့သဘော
နဲ့ မေးတယ်။
ဒီလိုမေးလိုက်တော့ ပျဉ်ထမ်းလာတဲ့ကျောင်းဒကာကြီးက " လိုပါလိမ့်မယ်၊ နှဲဆရာဟာ ဒီညနှဲမှုတ်ယင်း အသက်ထွက်
သွားယင် တခါထဲခေါင်းစပ်ဖို့ပါ " လို့ ပြောလိုက်တယ်။ ဒီစကားကိုကြားတာနဲ့ နှဲဆရာဟာ စိတ်ဆိုးလွန်းလို့ သူ့နှဲကိုပစ်
ချပြီး တခါထဲညတွင်းချင်း သူ့ရွာကိုပြန်သွားတယ်။ တားကြ ဆွဲကြပေမဲ့ မရတော့ဘူး။ ဒုံးဆရာကလဲ နှဲဆရာမရှိတော့
ဒုံးကို သိမ်းလိုက်ရတယ်။ မိုးမလင်းခင်ဘဲ ဒုံးအဖွဲ့ဝင်တွေဟာ ဘယ်သူ့ကိုမှနှုတ်မဆက်တော့ဘဲ ပြန်သွားကြတယ်။
ဒီလိုအလုပ်ခံရပြီးကတဲက တ၀မ်းပူရွာက ဒုံးအဖွဲ့အဆက်ဆက်ဟာ ခလောက်နို့ရွာက လာငှားယင် မလိုက်တော့ဘူးလို့
သိရတယ်။
Wednesday, November 25, 2009
ကျောင်းသားချင်းတောင် မတူ
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀လောက်က နိုင်းကြားရွာဆရာတော်ဟာ သူ့ကျောင်းမှာ စာသင်တိုက်ဖွင့်ထားပြီး ကျောင်းသားက
လေးတွေကိုပါ စာသင်ပေးဘို့ ဦးပဉ္စင်းတချို့ကို တာဝန်ပေးထားတယ်။
ဆရာတော်ကြီးဟာ အသက် ၇၀ ကျော်ပြီး အလွန်တည်ငြိမ်တယ်၊ ဣနြေ္ဒလဲကြီးတယ်၊ စည်းကမ်းလဲကြီးတယ်။ ပရိယ
တ္တိကိုလဲ ပေါက်မြောက်အောင် တတ်ကျွမ်းလို့ တနယ်လုံးရဲ့ အားကိုးရာဖြစ်နေတယ်။ ကျောင်းမှာ ကလေးတွေကိုပါ စာ
ပေသင်ကြားစေတယ်လို့ သတင်းကြားတော့ ခလောက်နို့ရွာက တကာတယောက်က သူ့သားကလေး ၅နှစ်သားရွယ်ကို
ကျောင်းလာအပ်တယ်။ ဒီတော့ ဆရာတော်က ဦးပဉ္စင်းနဲ့ လွှဲပေးလိုက်တယ်။ တနေ့တော့ ဆရာတော်က ကျောင်းပေါ်မှာ
စာကြည့်နေတုန်း ကျောင်းအောက်က ထူးထူးဆန်းဆန်း စာအံနေသံကိုကြားတယ်။ ဒီလိုကြားလိုက်တော့ သူ့နားကိုသူမ
ယုံသလိုဖြစ်ပြီး သေသေချာချာ နားထောင်လိုက်သေးတယ်။ နောက်တော့တောင်ဝှေးကိုဆွဲပြီး ဆင်းလာတယ်။
ဆရာတော်ကြီး ကြားရတဲ့စာအံသံကတော့ "ဒရေမှုတ်ရေ - မှုတ်၊ ဒရေမှုတ်ရေ - ရေးချ မှုတ်၊ ဒရေမှုတ်ရေး လုံကြီးတင်
မှုံ၊ ဒရင်ကောက်ရေ - ကောက်၊ ဒရင်ကောက်ရေးချ - ကောက်၊ ဒရင်ကောက်ရေးလုံးကြီးတင်ကုံ" လို့ ထပ်တလဲလဲအော်
သံနဲ့ " 'ဒရင်မှုတ်ရေ - မှုတ် " ဆိုတဲ့ စာအံသံဖြစ်တယ်။ ဆရာတော်ဟာ ကျောင်းအောက်ရောက်လို့ စာအံနေတဲ့ ကလေး
ကိုကြည့်လိုက်တော့ ၅နှစ်သားအရွယ် ကျောင်းသားကလေး ဖြစ်နေတာကိုတွေ့ရတယ်။ ဒါနဲ့ အနားသွားပြီး ဣနြေ္ဒကြီးနဲ့
ငုံ့ကြည့်ကာ " ဟ - ကောင်၊ မင်းစာအံတာ မှားနေတယ် " လို့ အမိန့်ရှိတယ်။
ဒီတော့ ခလေးက မော့ကြည့်ပြီး " မမှားဘူးဘုရား ဒီလိုဘဲတပြည့်တော် သင်ရတယ် " လို့ ပြန်လျှောက်တယ်။ တကျောင်း
လုံးသာမက၊ တနယ်လုံးကပါ ဣနြေ္ဒသိက္ခာ ကြီးလှတဲ့ဆရာတော်ကို ကြောက်ရွံ့ ရိုသေပြီး ဘယ်သူကမှ ပြန်လှန်မပြောဝံ့
တဲ့အချိန်မှာ ခလေး, ကလေးက သူ့ကိုပြန်ငြင်းနေတော့ ဆရာတော်ကြီးက အံ့သြပြီး " မဟုတ်ပါဘူး " လို့ ထပ်ကာ အမိန့်
ရှိလိုက်တယ်။ ဒါပေမဲ့ ခလေးပြန်ပြီး " ဟုတ်ပါတယ် ဘုရား၊ ဒရေမှုတ်ရေး - မှုတ်ပါဘုရား " လို့ ပြန်လျှောက်ပြန်တယ်။
ဆရာတော်ဟာ ခလေးနဲ့ ပြိုင်ငြင်းရမှာလဲခက်၊ ပြန်ပြောရမှာလဲခက်နေတော့ " မင်း ဘယ်ရွာသားလဲ " လို့ လှီးလွဲပြီးမေး
လိုက်တယ်။
ဒီတော့ ကလေးက " ခလောက်နို့သားပါ ဘုရား " လို့ ပြန်လျှောက်တယ်။
ဒီလိုလျှောက်တာကို ကြားတော့မှ ဆရာတော်ကြီးဟာ မပြုံးစဖူး ပြုံးပြီး ' ဒါကြောင့်လဲ ခလောက်နို့သားတွေ ကျော်တာဘဲ'
လို့ တပါးထဲပြောယင်း ပြန်လှဲ့အသွားမှာ ခလေးက " ဘုန်းကြီးဘုရား တပည့်တော်ကို ကွမ်းဖတ်ပေးခဲ့ပါဘုရား " လို့
တောင်းလိုက်ပြန်တယ်။
ဒီတင် ဆရာတော်ဟာ ထပ်မရှည်ချင်တာနဲ့ သူ့ကွမ်းဖတ်ကို ထုပ်ပေးပြီး ကျောင်းပေါ်ကို ပြန်ကြွသွားတော့တယ်။
Friday, November 13, 2009
မဲကတောင် ကန်တော့နေတယ်
တန်ဆောင်မုန်း လဆန်းတာနဲ့ ဇွဲကပင်တောင်အနောက်ဖက် ဒုံရင်းနယ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကထိန်ပွဲတွေ
တချိမ့်ချိမ့်နဲ့ ဖြစ်လေ့ရှိတယ်။ အဲဒီဒေသက ကထိန်ပွဲဆိုတာ ကထိန်သင်္ကန်းလှူတာ သက်သက်မဟုတ်ဘဲ မဲနဲ့လှူတဲ့ ပ
ဒေသာပင်တွေလဲပါတယ်။ ရွာတရွာမှာ ကထိန်ခင်းတယ်ဆိုရင် အနဲဆုံးတခြားရွာတွေက ကျောင်းဆယ့်လေးငါးကျောင်း
တော့ပင့်ပြီး လှူကြတာချည်းဖြစ်တယ်။
တနေ့တော့ ရွာတရွာမှာ ကထိန်ခင်းတဲ့အခါ ကျောင်းပေါင်း ၂၀ လောက်ပင့်တော့ ခလောက်နို့ရွာက ကိုယ်တော်တပါးလဲ
ကထိန်အလှူခံဘို့ပါလာတယ်။ ကိုယ်တော်ကငယ်ဖြူဖြစ်လို့ အသက်ငယ်သေးပေမဲ့ ၀ါက တော်တော်ရနေတယ်။ ၀ါ ၂၀
ကျော်ရနေပြီး။ ရွာခံကျောင်းက ကထိန်သင်္ကန်းကို အခမ်းအနားနဲ့ လှူပြီးတဲ့အခါ ငွေစက္ကူတွေ ၂၀၀ိဘိုးလောက် သီထား
တဲ့ပဒေသာပင် တပင်ကို ပင့်ထားတဲ့ကျောင်းတွေကို မဲချလှူတယ်။
ပထမ ဒကာတယောက်က မဲကို ပက်လက်လှန်ထားတဲ့ ကွမ်းအစ်အဖုံးထဲက နှိုက်ယူလိုက်တယ်။ ပြီးတော့ ဘယ်ရွာဘယ်
ကျောင်းက ကန်တော့မဲပေါက်ပါတယ်ဘုရားလို့ ဟစ်လိုက်တယ်။ (ကန်တော့မဲဆိုတာက ကန်တော့ဆွမ်းဆိုသလို " ဗလာ
ပါဘုရား " လို့ လျှောက်တာဖြစ်တယ်။
ဒီလိုနဲ့ တကျောင်းပြီးတကျောင်း ကန်တော့မဲ ပေါက်ပါတယ်လို့ လျှောက်ကာ ကတော့မဲချည်း ဆက်တိုက် ဆယ် ကျောင်း
လောက်နှိုက်ပြီးတော့မှ အောင်ပါလေမဲကိုနှိုက်မိတယ်။ အောင်ပါလေမဲပေါက်လို့ ပဒေသာပင်ရတဲ့ ကိုယ်တော်က တော
ထွက်ဦးပဉ္စင်းကြီး ၂ ၀ါလောက်သာရသေးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
ဒီတခါ ခလောက်နို့ ကိုယ်တော်က " ဒို့ဟာ ၀ါငယ်စဉ်တုန်းကတော့ တယ်ပြီး ကန်တော့ခံချင်ကြတယ်။ ၀ါကငယ်တော့
ကိုယ်ကချည်း ကန်တော့နေရတာက များသကိုး။ အခုဝါကြီးလာလို့ ကန်တော့ခံရပြန်တော့လဲ မဲကတောင်ဒို့ကို ကန်တော့
မဲနဲ့ ကန်တော့ တော့တာဘဲ " လို့ ပရိသတ်ကြားအောင် ခပ်ကျယ်ကျယ်ပြောလိုက်တယ်။
Thursday, November 5, 2009
မှတ်ကရော့
ရေးအတွက် သူ့ကျောင်းအနီးကမြေကွက်ကို သာသနာ့လယ်မြေလို့ သတ်မှတ်ပြီး စပါးစိုက်ပျိုးစေတယ်။
ဒီလိုကျောင်းမြေမှာ စပါးစိုက်တာကို တချို့လူများက " ဘုန်းကြီးလယ်လုပ်တယ် လယ်လုပ်တဲ့ဘုန်းကြီး " လို့ နောက်
ကွယ်မှာ ဆိုကြပြောကြတယ်။ ဒီစကားကို ဦးပရမကကြားတော့ ဒီပြောတဲ့လူတွေကို ဘာမှပြန်မရှင်းဘဲ သူ့လယ်ထိပ်မှာ
ဆိုင်းဘုတ်အကြီးကြီးရေးပြီး ထူထားလိုက်တယ်။
သူ့ဆိုင်းဘုတ်က-
" ငါလယ်လုပ်တာ ငါ့မယားစားဘို့မဟုတ်၊
သာသနာကို ချီးမြှင့်ဘို့ဖြစ်တယ် " ရယ်လို့ဖြစ်တယ်။
ဒီဆိုင်းဘုတ်ထူပြီးကတဲက လူတွေကဘုန်းကြီးလယ်လုပ်တဲ့အကြောင်း မပြောကြတော့ဘူး။ အရှင်ဦးပရမဟာခလောက်
နို့ရွာသားဖြစ်တယ်။
လူထုဦးလှ
Sunday, November 1, 2009
အတွဲကောင်းတဲ့ မီးပုံး
ခလောက်နို့ နယ်တ၀ိုက်က ရွာတွေမှာ တန်ဆောင်မုန်းလပြည့်နေ့ မီးပုံးလွှတ်ပွဲတွေ ခေတ်စားလှတဲ့အချိန်က ဖြစ်တယ်။
ထုံးစံက ရွာတွေမှာမိုးချုပ်တာနဲ့ မီးပုံးကြီးတွေကိုအတီးအမှုတ် အကအခုန်နဲ့ ပျော်ပျော်ပါးပါး လွှတ်လိုက်ပြီးယင် ဒီလူတွေ
ဟာ ဘုန်းကြီးကျောင်းကိုသွားကြကာ ကျောင်းမှာမီးပူဇော်ကြတဲ့ပွဲပါ ဆက်လုပ်ကြတယ်။ ကျောင်းဝင်းထဲမှာလည်း ဒုံးတို့
သြပွဲတို့ မိုးအလင်းကျင်းပလေ့ရှိကြတယ်။
တနှစ် တန်ဆောင်မုန်းလပြည့်နေ့ ညနေ၆နာရီလောက်မှာ ခလောက်နို့လှိုင်ဝါးရွာက အင်မတန်စကားပြောကောင်းတယ်
အကင်းပါးတယ်လို့ နာမယ်ကြီးတဲ့ ဖူးပန်းမွှေးအိမ်ကို မိတ်ဆွေဖြစ်တဲ့ ဖူးရွှေလဲ့ ဆိုတဲ့လူတယောက် မောကြီးပန်းကြီးနဲ့
ရောက်လာပြီး . . .
" မောလိုက်တာကွာ၊ ကျုပ်တယောက်ထဲ ဘာမှမတတ်နိုင်တာနဲ့ လက်ရှော့ပြီးပြန်ခဲ့ရတယ်၊ အနောက်တောအုပ်ကတော
စပ်မှာ မီးပုံးတလုံးကျနေတယ်၊ အတွဲတွေကလဲ အင်မတန်ကောင်းတယ်၊ ကျတာက အင်ပင်ကြီးပေါ်မှာဖြစ်နေလို့ တက်
လဲမတက်နိုင်၊ ဘာမှလဲမလုပ်နိုင်တာနဲ့ လက်ရှော့ပြန်ခဲ့ရတယ်၊ မောရတဲ့အထဲ ဆာကလဲဆာလိုက်တာ " လို့ ဖူးပန်းမွှေး
ကို ပြောတယ်။ ဒီတော့ ဖူးပန်းမွှေးက " ဟာ ဒီလိုဆို ဒို့သွားမှပေါ့၊ ကဲ မင်းထမင်းဆာနေယင် စားလိုက်အုံး " လို့ပြောပြီး
ထမင်းပြင်ကျွေးတယ်။
ပြီးတော့ အတွဲကောင်းတယ်ဆိုတဲ့စကားကြောင့် ဖူးပန်းမွှေးဟာ အိမ်ပေါ်ကဆင်းပြီး အဖေါ်တယောက်သွားခေါ်လာ
တယ်။ နောက်မီးဖိုထဲမှာ ထောင်ထားတဲ့လွှကြီးကိုထမ်းပြီး ဖူးရွှေလဲ့ပြောတဲ့တောအုပ်ကို ထွက်သွားကြတယ်။ လွှကြီးကို
ယူသွားတဲ့အကြံကတော့ လူမတက်နိုင်ယင် အင်ပင်ကြီးကို လှဲပစ်ဖို့ဖြစ်တယ်။ " လူတွေဦးမသွားခင် မြန်မြန်သွားနှင့်ကြ၊
ကျုပ်ထမင်းစားပြီးတာနဲ့ ချက်ခြင်းလိုက်ခဲ့မယ် " လို့ ဖူးရွှေလဲ့ကပြောပြီး ထမင်းကိုဆက်စားနေတယ်။
မီးပုံးအတွဲ ကောင်းတယ်ဆိုတာက ခလောက်နို့နယ်ကလူတွေ တန်ဆောင်မုန်းလ မီးပုံးလွှတ်ပွဲလုပ်တဲ့အခါ တွဲအဖြစ်မီး
ပုံးကလေးတွေ ချိတ်မပေးလိုက်ဘဲ မီးပုံးကလေးတွေအစား လူသုံးပစ္စည်းဖြစ်တဲ့ မျက်နှာသုတ်ပုဝါတို့၊ လက်ကိုင်ပုဝါတို့၊
ခေါင်းပေါင်းတို့၊ ပုဆိုးအင်္ကျီတို့ ချိတ်ပေးလိုက်တာကို အတွဲလို့ခေါ်ပြီး ပစ္စည်းကအဖိုးတန်ယင် အတွဲကောင်းတယ်လို့
ဆိုတယ်။ ဖူးပန်းမွေးနဲ့အဖေါ်ဟာ အင်တောထဲရောက်တော့ ဖူးရွှေလဲ့ပြောလိုက်တဲ့ မီးပုံးတင်နေတဲ့အင်ပင်ကြီးကို လိုက်
ရှာကြတယ်။ မီးပုံးချိတ်နေတဲ့ ဘယ်အင်ပင်တပင်မှ မတွေ့ဘူး။
ဒီတင် သူ့ကို ဖူးရွှေလဲ့ကညာလိုက်ပြီး၊ လူလိမ်ခံရပြီးလို့ သဘောပေါက်ပြီး အိမ်ကိုပြန်ခဲ့တယ်။ အိမ်ရောက်တော့ ထမင်း
ဝိုင်းက ဒီအတိုင်း စားကြွင်းစားကျန်တွေနဲ့ ရှိပေမဲ့ ဖူးရွှေလဲ့ကိုမတွေ့ဘူး။ အချိန်ကလဲ မိုးချုပ်လှပြီးဖြစ်လို့ ကျောင်းကမီး
ပူဇော်ပွဲကိုလဲ သွားဘို့မမှီတော့ဘူး။
ဒါနဲ့ ဖူးပန်းမွှေးဟာ သူ့ဘုးရားစင်ရှေ့ကိုသွားကာ ဆောင့်ကြောင့်ထိုင်ပြီး " အရှင်ဘုရား တပည့်တော်ဟာ ကျောင်းကမီး
ပူဇော်ပွဲကို မမှီတော့ပါ၊ မကောင်းတဲ့ဘေးရော၊ လူများရဲ့အလိမ်ကို ခံရတဲ့ဘေးရော ကင်းဝေးရပါလို၏ ။ လိမ်တဲ့လူကို
ထမင်းတနပ် ကျွေးလိုက်ရတဲ့ ကုသိုလ်ကြောင့် တောင်းတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ " လို့ ဆုတောင်းပြီး ဦးချလိုက်သတဲ့ ။
Tuesday, October 13, 2009
မြို့သူတွေ ဟန်လုပ်လွန်းလို့

ဘားအံမြို့နဲ့ မဝေးလှတဲ့ကျောက်ကလပ်ဘုရားရဲ့ပွဲတော်ဟာ သင်္ကြန်အတက် ၁ရက်နေ့မှာ ကျင်းပလေ့ရှိတယ်။ ကျောက်
ကလပ်ဘုရားဟာ ခလောက်နို့ရွာနဲ့လဲသိပ်မဝေးတော့ ဘုရားပွဲဆိုယင် ခလောက်နို့ရွာသားတွေ ရောက်နေတာကြီးဘဲ။
ဒီကျောက်ကလပ်စေတီဘုရားဟာ ရာဇ၀င်သမိုင်းမှာ မပါပေမဲ့ ပွဲတော်ကျတော့ အင်မတန် စည်တယ်။ ကွင်းပြင် လယ်
ကွက်ကြီးထဲက ကလပ်ပုံလို အောက်ကား အထက်ကားနဲ့ ခါးလိန်ပြီး ထီးထီးကြီးပေါက်နေတဲ့ ပေ၁၅၀လောက်မြင့်တဲ့
ကျောက်တုံးကြီးပေါ်မှာ တည်ထားတဲ့ဘုရား ဖြစ်တယ်။ ပွဲတော်ရက်ကျယင် ရပ်ဝေးဘုရားဖူးဧည့်သည်တွေ အများအပြား
လာကြတယ်။ ဘုရားက ကွင်းအလယ်မှာဖြစ်တော့ ဘုရားပွဲတော်ချိန်ဟာ စပါးရိတ်ပြီးချိန်ဖြစ်နေပြီး လှည်းလမ်းတွေလဲ
ပေါက်တာနဲ့ ထုံးအိုင်ဘက်က မွန်ရွာတွေကလဲ လှည်းတွေနဲ့ လာကြတယ်။ မွန်ရော၊ ကရင်ရော၊ ဗမာရောလာကြတဲ့ ဘု
ရားပွဲတော်ဖြစ်တယ်။
တနှစ်မှာ ခလောက်နို့ရွာသားတစု လူ၁၀ယောက်လောက်ဟာ ပွဲဈေးတန်းကိုရှောက်ပြီး ကြည့်ကြတဲ့အခါ မုန့်ဟင်းခါးဆိုင်
တဆိုင်မှာ ဗမာအမျိုးသမီး ၃-၄ယောက်ထိုင်ပြီး စားနေကြတာကိုတွေ့တယ်။ ဒါနဲ့ သူတို့သေသေချာချာကြည့်ပြီး အမျိုးသ
မီးတွေဝယ်စားပုံက ၂ပြားဖိုးထည့်ပါလို့ ပထမ၀ယ်စားတယ်။ နောက် ပါးစပ်နဲ့တွေ့တဲ့ အမျိုးသမီးက ၁ပြားဘိုး ထပ်ထည့်
ပါအုံးဆိုပြီး ထပ်ဝယ်စားတာကိုပါ တွေ့တယ်။
ဒါကို သူတို့က အင်မတန်အံ့သြနေကြတယ်။ ရီလဲရီချင်ကြတယ်။ နဂိုဗီဇအတိုင်း ပြောင်လဲပြောင်ချင်လာကြတယ်။ ရီချင်
တာက သူတို့သာ မုန့်ဟင်းခါးဝယ်စားရရင် အစိတ်သားထည့်၊ ငါးဆယ်သားထည့်လို့ ပိဿလိုက်အထိ ၀ယ်စားကြမှာမျိုး
ဖြစ်ပြီး ဒီအမျိုးသမီးတွေကတော့ ၂ပြားဘိုး တလုပ်စာလောက် အထည့်ခိုင်းပြီး စားနေတာတွေ့တော့ ရီချင်စရာဖြစ်လို့ ရီ
ချင်ကြတာဘဲ။ ပြောင်ချင်တာက ဒါလောက်ကပ်စေးနဲပြီး မထိတထိနဲ့ တပြားဘိုး ၂ပြားဘိုးစားကြတာ ၀မ်းဝမှာမဟုတ်ဘဲ
အလကား အလုပ်လို့ထင်ပြီး ဒီဟန်ရေးဝါစာလုပ်ပြီး စားနေတဲ့အလုပ်ကို ပြောင်ချင်လာတာဖြစ်တယ်။ ဒါနဲ့ ဒီလူစုဟာ သူ
တို့အချင်းချင်း အသာလက်တို့ကာ မုန့်ဟင်းခါးဆိုင်မှာ ၀င်ထိုင်ကြပြီး တယောက်၂ပြားဘိုးစီ ထည့်ပေးပါလို့ ခိုင်းတယ်။
ဆိုင်ရှင်ကလဲ ဒီလိုခိုင်းတော့ အံ့အားကြီးသင့်နေတယ်။ ဒါပေမဲ့ ဒီလူတွေစိတ်ကြေနပ်အောင် ၂ပြားဘိုးစီထည့်ပေးတယ်။
ဒီတင်သူတို့ဟာ မုန့်ဟင်းခါးကို အားရပါးရနယ်ပြီး တယောက်ကိုတပင်စီ ၂ပင်စီနဲ့ မစားချင်စားချင် စားတယ်ဆိုရုံ စားကြ
တယ်။ တ၀က်လောက် ကုန်တဲ့အခါကျတော့ ပန်းကန်ထဲက မုန့်ကိုကြည့်ပြီး " ဒါလောက်များတာ စားလို့မကုန်နိုင်ပါဘူး၊
ဗိုက်လဲပြည့်လှပါပြီး၊ မတတ်နိုင်တော့ဘူး " လို့ ပြောပြောဆိုဆိုနဲ့ ကျန်တဲ့မုန့်ဟင်းခါးကို သွန်ပစ်ကြပြီး ပိုက်ဆံပေးကာ
ထွက်သွားကြတယ်။
ဒီလိုလုပ်ပြီး ထွက်သွားကြတော့ ၂ပြားဘိုးထည့်စားနေတဲ့ အမျိုးသမီး ၃-၄ယောက်ဟာ မျက်နှာထားခက်ပြီး ဘာလုပ်ရ
မှန်းလဲမသိ၊ ဆက်ပြီးလဲမစားရဲဘဲ မြန်မြန်ပိုက်ဆံရှင်းပေးလိုက်ကာ တဖက်ပွဲတန်းကို ကမန်းကတန်း ထွက်သွားကြတော့
တယ်။
Monday, October 5, 2009
ခလောက်နို့က လူ
တော့  ကားဆရာက ကားကိုရပ်ပြီး ခရီးသည်တွေဆီမှာ ကားခကောက်တယ်။ ဒီတခါမျှစ်ခြင်းနဲ့လူက သူ့မျှစ်ခြင်းကို
ကောက်ထမ်းပြီး သူ့အတွက် ကျသင့်တဲ့ကားခကိုရှင်းပေးတယ်။ ဒီတော့ ကားဆရာက မျှစ်ခြင်းအတွက်ပါ ပေးရမယ်
လို့ ကုန်အတွက်တောင်းတယ်။ ဒီလိုတောင်းတော့ မျှစ်ခြင်းနဲ့လူက " မျှစ်ခြင်းကို ကျုပ်ထမ်းထားတာဘဲ၊ မျှစ်ခြင်းကခင်
ဗျာကားပေါ်မှာ စီးလာတာမဟုတ်ဘဲ၊ မျှစ်ခြင်းခ မပေးနိုင်ဘူး " လို့ ပြောပြီး ဆင်းသွားတယ်။
ှဇွတ်တရွတ်ဆင်းသွားတဲ့ခရီးသည်ကို ကားဆရာကလှမ်းပြီး " ဘယ်လိုလူပါလိမ့် " လို့ ပြောလိုက်တယ်။ ဒီလိုပြောလိုက်
တော့ မျှစ်ခြင်းနဲ့လူက ကားဆရာကိုလှည့် ကြည့်ပြီး " ခလောက်နို့ကလူကွ " လို့ လှမ်းပြောသွားတယ်။
Wednesday, September 30, 2009
ကြွားချင်ပါပေ့

တခါက ခလောက်နို့ရွာက လူပျိုတယောက်ဟာ တခြားရွာကအပျိုအိမ်ကို ကာလသာတို့ သဘာဝ သွားလယ်တယ်။ အပျို
ရှိတဲ့အိမ်ကလဲ ဆောက်လို့ပြီးကာစအိမ်ဖြစ်လို့ အကာအရံဆိုလို့ ဘာမှမရှိသေးဘူး ကပြင်တောင်မကာရသေးဘူး။
ဧည့်သည် ကိုလူပျိုရောက်လာတော့ အိမ်ရှင်အပျိုက လောကွတ်ကောင်းကောင်းနဲ့ သင်ဖြူးဖျာအသစ်တချပ်ကို ကပြင်မှာ
ချခင်းပေးတယ်။ ဒီလိုခင်းပေးတဲ့အခါ ဖျာတပိုင်းက ကပြင်စွန်းကို ၂တောင်လောက်လွန်ပြီးရောက်နေတယ်။ ဟန်ဟန်ပန်
ပန် ၀တ်စားလာတဲ့ကိုလူပျိုဟာ လှေကားကတက်လာပြီး အပြင်ကဖျာပေါ်မှာ ကျကျနနထိုင်ချလိုက်တာ ကပြင်စွန်းရဲ့ အ
ပြင်ထွက်နေတဲ့ ဖျာပေါ်ကိုထိုင်မိတာနဲ့ တခါထဲအောက်ကိုပြုတ်ကျသွားတယ်။
ဒီတင်ကိုလူပျိုဟာ ရှက်ရှက်နဲ့ ဖုတ်ဖက်ခါထလာပြီး " အိမ်ရှင်ကလဲ ကြွားချင်လိုက်တာ၊ အိမ်ထက် ပိုပြီးတောင် ဖျာကိုခင်း
လိုက်သေး " လို့ ရေရွတ်ပြီး ပြန်သွားတော့တယ်။
Saturday, September 19, 2009
ထိုးတိုင်းထိတာတောင် ကုန်သေး
အစိုးရသိန်းထီ တသိန်းဆု ၅ဆုအထိ စပြီးဖွင့်လှစ်နိုင်တဲ့အချိန်က ခလောက်နို့ရွာသား တော်တော်နှံ့စပ်တဲ့ လူတယောက်
ဟာ ဘားအံမြို့ကိုဈေးဝယ်လာတယ်။
သူ့အနားမှာ ဈေးဝယ်နေတဲ့ဒီလူကို ထီဆိုင်ကထီရောင်းနေတဲ့လူက တွေ့တော့ " မိတ်ဆွေ၊ တစောင်ထိုးသွားပါ၊ ဒီတ
ပတ် သိန်းဆု၅ဆု ဖွင့်ဘို့သေချာပါတယ် " လို့ဆွယ်တယ်။ ဒီတော့ခလောက်နို့သားက " မထိုးပါဘူးဗျာ၊ လေးကောင်ဂျင်
တောင်မှ ထိုးတိုင်းထိပြီး နောက်ဆုံးတော့ကုန်တာဘဲ၊ ခင်ဗျာထီက ပေါက်မယ်ရယ်လို့မှမသေချာဘဲ မထိုးချင်ပါဘူး " လို့
ပြန်ပြောတယ်။ " လေးကောင်ဂျင်က ထိုးတိုင်းလဲထိပြီး ဘာဖြစ်လို့ရှုံးရတာလဲဗျ၊ ခင်ဗျားဥစ္စာ မဟုတ်သေးပါဘူးထင်
တယ် " လို့ ထီရောင်းတဲ့လူက ပြန်ပြီးလျှာရှည်လိုက်တယ်၊
ဒီလိုပြောတော့ ခလောက်နို့သားက " ကျောက်ကလပ်ဘုရားပွဲတုန်းက ကျုပ် ငွေ၁၀ိ အိတ်ထဲထည့်ပြီး ထိုးပါတယ်ဗျာ။
ကြက်၊ ၀က်၊ ငါးရှဥ့်၊ ဖား၊ လေးကောင်စလုံး ၁ိစီထိုးလိုက်တယ်။ တကောင်အောတိုက်တယ်၊ ၃ဆရော်တယ်။ အကောက်
က ၁ိမှာ တပဲနှုတ်ယူထားတယ်။ ပွဲက မင်းသမီးမထွက်သေးဘူး ပါလာတဲ့ ငွေ ၁၀ိ အားလုံးကုန်တာဘဲ။ အဲဒါက ၁ိမှာ တ
ပဲကောက်ပြီး ထိုးတိုင်းထိလို့ ၊ ခင်ဗျားထီက ၁ိ မှာ ပြား ၄၀ ကောက်ပြီး ထိချင်မှထိမှာ ကြိမ်သေအလုပ်တောင် ရှုံးသေး
တာ ခင်ဗျာထီကို မထိုးချင်ပါဘူး " လို့ ပြန်ပြောတယ်။
ဒီတင် ထီရောင်းသမားက ဘာမှပြန်မပြောနိုင်ဘဲ ကြည့်နေလိုက်တယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Monday, September 14, 2009
ဖိုးအေကိုတောင် ချမ်းသာမပေး
ချင်း မဆိုထားနဲ့ မြေးက အဖိုးကို ရှုပ်နောက်လှောင်တာမျိုးလဲ ရှိတာဘဲ။
တခါကခလောက်နို့ရွာသား မိသားတစုနေကြတဲ့ အိမ်တအိမ်မှာ မိခင်ဖြစ်သူက ကလေးတွေကို ကောက်ညှင်းပေါင်းပြီး
ကျွေးဘို့စီစဉ်တယ်။ ဒီတခါ ခလေးတွေကလဲများပြီး တယောက်အကြိုက်တမျိုးစီဖြစ်ကာ သူကကောက်ညှင်းအဖြူမှစား
မယ်၊ ငါကကောက်ညှင်းငချိတ်မှ စားမယ်နဲ့ ဆူဆူညံညံလုပ်ကြတယ်။ ဒီတခါ စိတ်ရှည်တဲ့အမေက ခလေးတွေအားလုံး
ကြေနပ်အောင် ကောက်ညှင်းဖြူကတပေါင်း၊ ကောက်ညှင်းငချိတ်ကတပေါင်း၊ ၂ပေါင်းပေါင်းတယ်။ ကောက်ညှင်းတွေ
ပေါင်းလို့ကျက်တော့ အမေဖြစ်သူက " နင်တို့ခဏနေကြအုံး၊ အဖိုးကိုအရင်ကျွေး၊ အဖိုးစားပြီးမှ ခလေးတွေက စားရ
တယ်၊ ဒီတော့မှ လိမ်မာတဲ့ခလေးဖြစ်တယ် " လို့ ခလေးတွေကို ပြောလိုက်တယ်။
ဒီလိုပြောတော့ ခလေးတွေကနားထောင်ကြတယ်။ ငြိမ်ပြီးနေကြတယ်။ အဖိုးဖြစ်သူကလဲ ပြင်ဆင်ထားတဲ့ကောက်ညှင်း
ပန်းကန်နားလာပြီး " ငါမြေးတွေက လိမ်မာပါတယ်၊ အဖိုးအရင်စားလိုက်မယ် " လို့ ပြောကာ ထိုင်ပြီးကောက်ညှင်းဖြူ
ပန်းကန်ကိုနှိုက်စားတယ်။ စားလို့အတော်ကြေနပ်တော့ " အိမ်း၊ ကောင်းကွ၊ ဒီကောက်ညှင်းငချိတ်ကကော ဘယ်လို
နေမလဲ " လို့ ပြောပြီး တခါ ကောက်ညှင်းငချိတ်ပန်းကန်ကို နှိုက်စားပြန်တယ်။ အဖိုးဟာ ကောက်ညှင်း အဖြူရော၊
ငချိတ်ရော စားပြီးတော့ထသွားတယ်။ ဒီတော့မှခလေးတွေလဲ ၀င်စားကြတယ်။
မနက်လင်းတော့ အဖိုးအိုဟာ အလုပ်ရှိတဲ့အတိုင်း လယ်ထဲကိုဆင်းသွားတယ်။ နေတော်တော်မြင့်တော့ လယ်ကစင်း
တနေရာမှာ ခါတိုင်း အခင်းသွားနေကြအတိုင်း ကစင်းပေါ်မှာထိုင်ပြီး အခင်းသွားလိုက်တယ်။ ပြီးတော့ပေါက်တူးကိုင်
ပြီးအလုပ်ကိုဆက်လုပ်တယ်။ မွန်းတိမ်းသွားတဲ့အခါ မြေးတယောက်က အဖိုးအိုပေါက်တူးပေါက်နေတဲ့ လက်ထဲကို
လိုက်လာတယ်။ သူ့လက်ထဲမှာ သူ့အဖိုးမေ့ကျန်ရစ်ခဲ့တဲ့ ၀ါးဆေးတံနဲ့ ၀ါးဆေးဗူးကလေးပါလာတယ်။ မြေငယ်ဟာ
လယ်ထဲကို ကစင်းရိုးအတိုင်း ရှောက်လာပြီး သူ့အဖိုးအခင်းသွားထားတဲ့ နေရာရောက်တော့ ရပ်လိုက်တယ်။ ပြီးတော့
သေသေချာချာထိုင်ပြီး ဦးအကြိမ်ကြိမ်ချကာ " သွားပါတော့ ငန်းတော်ကြား မြွေမင်းရယ်၊ ကျွန်တော်မျိုးကို မနှောက်
ရှက်ပါနဲ့ " လို့ ဆိုနေတယ်။
ဒီလို သူ့မြေးကလေးဦးအကြိမ်ကြိမ်ချပြီး ရှိခိုးနေတာကိုခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့အဖိုးကမြင်တော့ ' ဘာပါ
လိမ့် ' လို့ လာကြည့်တယ်။ အဖိုးအိုစွန့်ထားတဲ့ မစင်ရှေရှေတုံးကြီးဟာ ကောက်ညှင်းအဖြူနဲ့ ကောက်ညှင်းငချိတ်ရဲ့
သတ္တိကြောင့် အဖြူကွက်အမဲကွက်တွေနဲ့ ငန်းတော်မြွေကလေး ခွေနေသလို ဖြစ်နေတာကိုတွေ့တော့မှ သဘောကျ
ကာပြုံးပြီး သူ့မြေးကိုဆွဲထူလိုက်တယ်။ ပြီးတော့ မြေးလက်ထဲက ဆေးတံနဲ့ ဆေးဗူးကိုယူပြီး အလုပ်လုပ်ရာကို ပြန်သွား
တယ်။
သူ့မြေးကိုတော့ ဘာတခွန်းမှမပြောလိုက်ဘူး။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Friday, September 11, 2009
ခလောက်နို့ ကောက်ညှင်း

မန္တလေးကမှန်စီရွှေချဆရာ ဦးချစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ တပည့်လက်သားတွေနဲ့ ဘားအံမြို့ သွန်းဘုရားကြီးမှာ မှန်စီရွှေချ
အလုပ်လုပ်ဖို့ရောက်လာတယ်။
မန္တလေးက မှန်စီရွှေချ ဆရာတွေဟာ အများအားဖြင့်ဆောင်းဝင်လာယင် မော်လမြိုင်နဲ့ သထုံနယ်ကိုရောက်လာလျှက်
ရှိပြီး ကျောင်းကန် ဘုရားတွေ၊ သိမ်တွေ၊ တန်ဆောင်းတွေကို မှန်စီရွှေချအလုပ်လက်ခံလုပ်လေ့ ရှိကြတယ်။ အဲဒီနယ်
ဖက်တွေမှာ မှန်စီရွှေချပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့ပညာသယ်တွေမရှိဘူး။ ဟိုတုန်းက ဘားအံဟာ အခုလို
ကရင်ပြည်နယ်(ကော်သူးလေ) မြို့တော်မဟုတ်သေးဘဲ သထုံခရိုင်အတွင်းက မြို့ကလေး တမြို့သာဖြစ်တယ်။
ဆရာချစ် ဘားအံရောက်ပြီး သွန်းဘုရားကြီးဝင်းထဲမှာဘဲ စတဲချနေတုန်း ခလောက်နို့ကလူတွေ စကားတတ်လှတယ်၊
ဖြတ်ထိုးဥာဏ် ကောင်းလှတယ်လို့ သတင်းတွေကြားတော့ စုံစမ်း ကြည့်ချင်လာတာနဲ့ တနေ့မှာ တပည့်တယောက်နဲ့
ခလောက်နို့ နိုင်းကြားရွာ ဘုန်းတော်ကြီးကျောင်းကို လာခဲ့တယ်။
ဘုန်းတော်ကြီးကျောင်းရောက်တော့ ဥပုတ်နေ့ဖြစ်လို့ ရွာကကျောင်းတကာကြီးတွေလဲ ကျောင်းမှာ တော်တော်စုံစုံလင်
လင်ရှိနေကြတယ်။ ဆရာချစ်ဟာ ကျောင်းတကာကြီးတွေနဲ့ အလုပ်အကိုင်အကြောင်းအပြင် တခြားစပ်မိစပ်ရာပြောကြ
ယင်း သူက ခလောက်နို့သားတွေအကြောင်း စုံစမ်းချင်တာနဲ့ ...
"ကျုပ်တို့ဆီမှာ လူရွယ်တွေ ဟိုအကြောင်းဒီအကြောင်း ပြောကြတော့ စကားနိုင်လုကြတယ်ဆိုပါတော့ဗျာ၊ ကောက်ညှင်း
စီးလှပါတယ် ဆိုတဲ့အကြောင်းကို ပြောကြတယ်။ တယောက်ပြီးတယောက် သူတို့ သူတို့ကောက်ညှင်းစီးပုံ အကြောင်းကို
ပြောတဲ့အခါ လူရွယ်တယောက်က တခြားလူတွေပြောတဲ့ကောက်ညှင်းထက် သူ့ကောက်ညှင်းကစီးတယ်၊ ဘယ်လောက်
စီးသလဲဆိုယင်သူက စားလက်စကောက်ညှင်းကိုလုံးပြီး ပစ်လိုက်တာ အိမ်ဘေးကလှည်းရံတိုင်ကိုထိတာနဲ့ ရံတိုင်မှာကပ်
နေတယ်၊ ဒါကိုကျီးကန်းတကောင်ကမြင်တော့ ကောက်ညှင်းကိုထိုးပြီးပျံပြေးတာ လှည်းကြီးပါပါသွားတယ်လို့ ဆိုတယ်။
အဲဒီလိုပြောတော့ တခြားကောက်ညှင်းတွေက သူ့ကိုအရှုံးပေးလိုက်ရတယ်" လို့ စကားစပေးတယ်။
ဒီလိုဆရာချစ်ကပြောပြတော့နားထောင်နေတဲ့ ခလောက်နို့ လှိုင်ဝါးရွာသားဖူးပန်းမွေးက "ကျုပ်တို့ဆီမှာလဲ ကောက်ညှင်း
စီးစီးကို တမင်မျိုးထားပြီးစားကြတဲ့ လူတွေရှိပါတယ်။ တလောက ရွာကအဖိုးကြီးတယောက်ဟာ ကောက်ညှင်းစီးစီးစား
ချင်တာနဲ့ ရှမ်းပြည်ကကောက်ညှင်းမျိုး မှာယူပြီး သူ့သမက်ကို အစိုက်ခိုင်းတယ်။ မျိုးကရှားရှားပါးပါးရလာတော့ လယ်
တကွက်လောက်ပဲ ကြဲခင်းလိုက်ရတယ်။
"ကောက်ညှင်းစပါးပင်တွေ ရင့်လာတဲ့အခါမှာ အနှံကလဲ အောင်အောင်မြင်မြင်၊ သန်ကလဲအင်မတန်သန်တော့ တပင်တ
ပင်ဟာ လူတရပ်လောက်မြင့်တယ်။ အချိန်ကြတော့ ရိတ်ကြပါလေရော။ ဒီနယ်မှာရိတ်တယ်ဆိုတာက ရိုးပြတ်ကို အရှေ
ကြီးချန်ထားပြီး အနှံနားကကပ်ရိတ်ကြတာကလား။ ရိတ်လို့ပြီးတော့ ကောက်ညှင်းကလဲ လယ်တခွက်စားလောက်က
လေးဖြစ်တော့ နွားနဲ့တောင်မနယ်ရဘူး၊ နေလှန်း၊ အစေ့ချွေပြီး ထောင်ထုကာ ဖွတ်လိုက်ကြတာဘဲ။
ကောက်ညှင်းကိုဖွပ်ထောင်းပြီးလို့ ပုတ်ကလေးထဲ ထဲ့ထားတဲ့အချိန်မှာ အဲဒီအဖိုးကြီးရဲ့ မိတ်ဆွေတယောက်ဟာ ဆင်နဲ့
ရောက်လာတယ်။ ရောက်လာပြီး ဆင်ရဲ့နောက်ခြေတဖက်ကို ထူးခတ်ကာ ကောက်ညှင်းစိုက်တဲ့ လယ်စွန်မှာ ကောက်
ညှင်းရိုးပြတ်ပင်နဲ့ ဆင်ထူးက သံကြိုးနဲ့ချည်ပြီး ဆင်ကိုလန်ထားလိုက်တယ်။
" နေ့လယ် နေပူလာတော့ ဆင်ကြီးက သူ့ကိုထူးခတ်ပြီး လန်ထားတဲ့လယ်ကွက်ထဲမှာ မနေချင်ဘူး၊ ရုန်းတယ်။ ဒီလိုရုန်း
ပေမဲ့ ကောက်ညှင်းရိုးပြတ်ပင်က ပြုတ်မထွက်ဘူး။ အပင်ကတောင် ဒါလောက်စီးပြီးမြဲခံနေတယ်။ ဆင်ကြီးကတဖြေဖြေ
စိတ်တိုလာပြီး အားရှိသလောက်ရုန်းတယ်။ ကောက်ညှင်းစပါးပင်ရိုးပြတ်ကတော့ ဖြုံတောင်မဖြုံဘူး။ နောက်တော့ နေပူ
တာကို ဆင်ကြီးကမခံနိုင် အားကြီးလွန်းလို့အော်ပြီးအားကုန်ရုန်းတဲ့အခါ ကောက်ညှင်းရိုးပြတ်ပင်ကတော့ ဘာမှမဖြစ်ဘူး
နဲ့တောင်မနဲ့ဘူး။ လယ်ကွက်ကြီးသာ ဆင်ရဲ့အားကိုမခံနိုင်လို့ ရွဲ့သွားတယ်။ အဲဒီလောက်စီးတဲ့မျိုး " လို့ ပြန်ပြောလိုက်
တယ်။
ဒီတော့ ဆရာချစ်က "အပင်တောင်ဒီလောက်စီးနေယင် ခင်ဗျာ့ကောက်ညှင်းကို စားတော့ကောဗျာ" လို့ ဆက်မေးတယ်။
ဒီတခါဖူးပန်းမွေးက " အဲ....အဖိုးကြီးကလဲ ဧည့်သယ်ပြန်သွားတော့ စမ်းကြည့်ရအောင်ဆိုပြီး သူ့ကောက်ညှင်းကို သူ့ဖာ
သာချက်ပြီးစားကြည့်တယ်။ အရသာကလဲကောင်း၊ အဆီအပြားကလဲရှိနဲ့ ကောင်းလှတယ်လို့ဆိုတယ်။ မနက်ကျလို့အဖိုး
ကြီးက ထပြီး တပိုးတပါးသွာတဲ့အခါတော့ ကောက်ညှင်းဟာ ၀မ်းထဲမှာစီးခံနေတာနဲ့ ပါချလိုက်တဲ့မစင်ဟာ မပြတ်လို့ ၂
ရက်တိတိအိမ်သာထဲမှာ ထိုင်နေရသတဲ့ " လို့ သူ့စကားကို အဆုံးသတ်လိုက်တယ်။
ဒီတော့မှ မန္တလေးကမှန်စီရွှေချဆရာ ဦးချစ်က " ခင်ဗျာတို့ ခလောက်နို့ကောက်ညှင်းက ကျုပ်တို့ကောက်ညှင်းထက် စီး
ပါပေတယ် " လို့ ၀န်ခံပြီး ဘားအံကို ပြန်လာခဲ့တယ်လို့ သိရတယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Thursday, June 11, 2009
သောက်ယင်မမူးရ

ဂျပန်စစ်တပ်ကြီး ဗမာပြည်ဝင်လာချိန်က ခလောက်နို့ရွာမှာဂျပန်စစ်တပ်ကသူတို့နဲ့ အလွမ်းသင့်တဲ့ လူတယောက်ကို
အရပ်လူကြီးဆိုပြီး အရပ်လူကြီးခန့်လိုက်တယ်။
ဒီအရပ်လူကြီးဆိုတဲ့ လူက ခပ်ဆိုးဆိုးလူ။ ဒီလူဟာ အရပ်လူကြီးဖြစ်တာနဲ့ ဂျပန်အလိုကျ တခါထဲ လုပ်တော့တယ်။
ကြက်ဆိုယင်ကြက်၊ အရက်ဆိုအရက်၊ အုန်းသီးဆို အုန်းသီးရအောင်ရှာပေးတယ်။ ဘယ်သူထိခိုက်ထိခိုက်၊ ဘယ်သူ
ဘာဖြစ်ဖြစ် သူ့ကို ဂျပန်ကျေနပ်ယင်ပြီးရောဆိုပြီး ရွာထဲမှာခပ်ရမ်းရမ်းလုပ်နေတယ်။
ဘယ်အထိရမ်းလာသလဲဆိုယင် ရွာထဲမှာ လူတွေ အရက်မသောက်ရဘူး၊ သောက်ယင်လဲ မမူးရဘူးလို့တောင် အမိန့်
ထုတ်တယ်။ သူ့အိမ်ရှေ့က ဖြတ်ရှောက်သွားတဲ့လူကို မသင်္ကာယင်ခေါ်တယ်။ ပြီးတော့ ပါးစပ်ကိုနမ်းကြည့်တယ်။ အ
ရက်နံ့ရယင် နွားရိုက်တဲ့ကြိမ်နဲ့ရိုက်တယ်။ ဒါကြောင့်လူတွေက အရက်သောက်ထားမိယင် သူ့အိမ်ရှေ့ကိုကွင်းပြီးသွား
ကြတယ်။ သူနဲ့လဲမတွေ့အောင် ရှောင်ကြရတယ်။ အရပ်လူကြီးက အရက်သောက်ယင် ပါးစပ်ကို နမ်းကြည့်ပြီး ရိုက်
တယ်ဆိုတဲ့သတင်းဟာ ပြန့်နေတယ်။
ဒီသတင်းကို ခပ်ရွက်ရွက်အဖိုးအိုတယောက်က ကြားတော့ " ဒါလောက်ထတဲ့အကောင် ငါဆုံးမမယ် " လို့ သူ့လူတွေ
ကိုပြောပြီး မကြာခင်ဘဲ တညနေတော့ အဖိုးအိုဟာ ဟိုထိုးဒီထိုးနဲ့ ခြေလှမ်းမမှန်ဘဲ အရပ်လူကြီးအိမ်ရှေ့ကိုရောက်
လာတယ်။ ဒါကို အရပ်လူကြီးကမြင်တော့ ' အသက်အရွယ်နဲ့ မလိုက်အောင် အဖိုးကြီးကတော့ အရက်မူးလာပြီး၊ ငါ
လွတ်လိုက်ယင် လူတွေကငါ့ကို မျက်နှာလိုက်တယ်လို့ ပြောကြတော့မယ် ' လို့ စဉ်းစားမိပြီး အဖိုးကြီးကိုခေါ်လိုက်
တယ်။
အဖိုးအိုကလဲ ယိုင်ထိယိုင်တိုင်နဲ့ဝင်လာတယ်။ သူ့ရှေ့ရောက်တော့ သူက အဖိုးအိုရဲ့ပါးစပ်ကို လုပ်နေကျ ထုံးစံအ
တိုင်း နမ်းကြည့်တယ်။ ဒါပေမဲ့ ယိုင်နေတဲ့အဖိုးကြီးပါးစပ်က ဘာနံ့မှထွက်မလာဘူး။ ဒီတော့ အရပ်လူကြီးက ဇဝေ ဇ
ဝါဖြစ်ပြီး " ခင်ဗျား အရက်သောက်လာတာက ဘယ်လို သောက်လာတာလဲ " လို့မေးတယ်။ ဒီတော့ ယိုင်နေတဲ့အဖိုး
အိုက " ငါသောက်တာက ဖင်ကသောက်တာကွ " လို့ လုံချည်ကိုနောက်ဖက်ကမ,ပြီး ပြန်ပြောလိုက်တယ်။
ဒီတင် အရပ်လူကြီးက တကယ်ဘဲ အဖိုးကြီးဟာ ဖင်ကအရက်သောက်လာသလား သိရအောင် နမ်းမကြည့်ရဲတာနဲ့
" ကဲ-ကဲ ကောင်းကောင်းသွား " လို့ ပြောပြီးလွတ်လိုက်တယ်။ အဖိုးအိုကလဲ ယိုင်တိယိုင်တိုင်နဲ့ အရပ်လူကြီးရှေ့က
ထွက်သွားတယ်။
ဒီကတဲကစပြီး အရပ်လူကြီးဟာ အရက်မူးလာတဲ့ လူတွေ့ယင်ခေါ်ပြီး ပါးစပ်ကို နမ်းမကြည့်တော့ဘဲ မသိလိုက် မသိ
ဖါသာ နေလိုက်တော့သတဲ့။
Thursday, May 28, 2009
လူကြီး
ဂျပန်ခေတ်က ဘားအံမှာတပ်စွဲထားတဲ့ ဂျပန်စစ်တပ်ကစစ်ဗိုလ်နဲ့ စစ်သား ၃-၄ ယောက်ဟာ ခလောက်နို့ရွာကိုရောက်
လာပြီး " ရွာကလူကြီးကိုခေါ်ပေးပါ " လို့ ရွာသားတွေကိုပြောတယ်။ ဒီတော့ ရွာသားတယောက်က " ဘယ်လိုလူကြီး
ကိုခေါ်ပေးရမှာလဲ " လို့ပြန်မေးတယ်။ ဒီလိုပြန်မေးတော့ ဂျပန်စစ်ဗိုလ်က " ရွာကအကြီးဆုံးလူကိုခေါ်ပေးပါ "လို့ ပြန်
ပြောတယ်။
ဒီတင် ရွာသားတွေက ဂျပန်ကို " ဒီဇရပ်မှာဘဲစောင့်နေပါ " လို့ပြောကာ ထားရစ်ခဲ့ပြီး ရွာဖျားမှာနေတဲ့ အဖိုးအိုတ
ယောက်ကို စောင်ပုခက်ထဲထဲ့ထမ်းပြီး ဂျပန်ရှိရာကိုယူခဲ့ကြတယ်။ ဂျပန်ရှေ့ရောက်တော့ ဂျပန်က စောင်ပုခက်ထဲက
အဖိုးအိုကို လက်ညှိုးထိုးပြီး " ဒါလူကြီးလာလို့ " လို့မေးတယ်။
ဒီတော့ ရွာသားတယောက်က " ဒါလူကြီးပါ၊ သူ့အသက်၉၀ကျော်ပါပြီး၊ ဒီရွာမှာ သူအကြီးဆုံးဘဲ၊ သူ့ထက်ကြီးတာမ
ရှိတော့ဘူး၊ လမ်းမလျှောက်နိုင်လို့ ထမ်းခေါ်လာရတယ် " လို့ ပြန်ပြောလိုက်တယ်။
ဒီနောက်တော့ ဂျပန်ရဲ့ဒေါသတကြီး အော်သံဆဲသံနဲ့ ရွာက ယောက်ျားတွေအားလုံး တောထဲဝင်ပြေးကြသံကို ကြား
ရပြီး တရွာလုံးငြိမ်သက်သွားတယ်။

Tuesday, April 21, 2009
ကောင်းလိုက်တဲ့လှေပွဲ

တခါက သံလွင်မြစ်ကမ်းဘေးက ရွာကြီးတရွာမှာ ဘုရားပွဲတော်ကျင်းပတယ်။ ဘုရားပွဲမှာ ဇာတ်ပွဲအပြင် ကုန်းပွဲရေပွဲလဲ
ထည့်သွင်းကျင်းပတယ်။
ဘုရားလူကြီးတွေက အထူးသဖြင့် လှည်းပြိုင်ပွဲထက် လှေပြိုင်ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ကြတယ်။ ပရိသတ်ကလဲ
လှေပြိုင်ပွဲမှာ ပိုပြီးများတယ်။
လှေပြိုင်ပွဲစတော့မယ်ဆိုကတဲက ကမ်းညွတ်အောင် လူတွေထပ်နေတယ်။ ဒီအထဲမှာ ခလောက်နို့ရွာက အဖိုးကြာဘော်
လဲပါတယ်။ သံလွင်မြစ်ကမ်းမှာရှိတဲ့ ရွာတွေက နာမယ်ကြီးလှေတွေ အကြိတ်အနယ် ပြိုင်လှော်လာကြတဲ့အခါ ကမ်းစပ်
ကလူတွေရဲ့ အော်သံဟစ်သံ အားပေးသံတွေဟာ ၂မိုင်လောက်ကကြားနိုင်တယ်လို့ ဆိုပါတယ်။
သူတို့အားပေးတဲ့လှေက နိုင်တဲ့အခါမှာဆိုယင် ကြည့်နေတဲ့လူတွေဟာအူမြူးပြီး ထီးတွေမြှောက်ပစ်တာတို့၊ ဦးထုပ်ချွတ်
ပြီးလွှင့်ပစ်တာတို့ ခေါင်းမှာပတ်ထားတဲ့ မျက်နှာသုတ်ပုဝါတွေ ဝှေ့ရမ်းပြတာတို့၊ တချို့ကလဲ ဂျွမ်းထိုးပြီး ရေထဲခုန်ချတာ
တို့ပါ လုပ်ကြတယ်။
နေစောင်းလာလို့ လှေပွဲပထမနေ့ပြီးတော့ အဖိုးကြာဘော်ဟာ တခြားပွဲတွေဆက်မကြည့်တော့ဘဲ အိမ်ကိုပြန်လာတယ်။
အိမ်ရောက်တော့ သမီးဖြစ်သူကဆီးပြီး " ဟော . . . အဖေသွားတုန်းကထီးနဲ့၊ အခုမေ့လာပြီးထင်တယ် " လို့ မေးတယ်။
ဒီတော့ အဖိုးကြာဘော်က " အေး . . . ဆုံးသွားပြီး " လို့ ပြန်ပြောလိုက်တယ်။
" အဖေလှေပွဲလောင်းသလား " လို့ အမီးကထပ်မေးတဲ့အခါ " မသိပါဘူးကွာ၊ သဘောကျတဲ့လှေနိုင်လို့ ထီးကိုရိုက်ချိုး
လိုက်တယ်၊ ဒီပွဲမျိုးမသွားနဲ့သမီး၊ ရူးတတ်တယ်၊ ငါလဲရူးခဲ့ပြီး "လို့ ပြန်ပြောလိုက်သတဲ့။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Wednesday, April 15, 2009
တစ္ဆေကိုပြန်ချောက်သူ

"သိဖူးကလာ" လို့ခေါ်တဲ့ "သစ်ချပင်ရွာ" မှာ တခါက တစ္ဆေအင်မတန်
ချောက်တယ်လို့ နာမယ်ကြီးတဲ့ အိမ်တအိမ်ရှိတယ်။
"သစ်ချပင်ရွာ"ဆိုတာက ဇွဲကပင်တောင်ရဲ့အရှေ့ဘက်ခြမ်း တောင်ခြေ
မှာတည်ထားတဲ့ ရွာကလေးဖြစ်တယ်။ တောင်နဲ့လဲကပ်နေတယ်။ ဒီရွာ
ကနေပြီးတောင်ထိပ် ဇွဲကပင်စေတီဆီကိုတက်တဲ့ လမ်းတလမ်းလဲရှိတယ်။ ရွာက တောင်ခြေနားနီးတော့ ညနေ၃း၀၀
နာရီလောက်ဆိုယင် နေလုံးကိုမမြင်ရတဲ့ ရွာဖြစ်တယ်။ ရွာဟာမကြီးပေမဲ့ သူ့ခြံနဲ့ သူ့အိမ်နဲ့ သီးပင်စားပင်တွေနဲ့ သာယာ
တယ်။ တောင်နားမှာ ကပ်နေတဲ့ရွာဖြစ်လို့လဲ မနက်မိုးလင်တာနဲ့ ငှက်ပေါင်းစုံရဲ့ သာသာယာယာအသံတွေကို ကြားနေ
ရတဲ့ရွာဖြစ်တယ်။
အဲဒီရွာထဲက အိမ်တအိမ်မှာ တစ္ဆေအင်မတန်ချောက်တယ်ဆိုတာ တရွာလုံးကယုံတယ်။ တစ္ဆေချောက်အားကြီးလို့ အိမ်
ရှင်ဟာမနေရဲတာနဲ့ သူ့ အိမ်ကြီး အိမ်ကောင်းကိုစွန့်ပြီး တခြားခြံမှာ တဲကလေးထိုးပြီးပြောင်းနေတယ်။ ဒီတေစ ၦဟာ လူ
ကိုသာမဟုတ်ဘဲ နွားတွေကိုတောင်ချောက်လို့ ဘယ်နွားမှနေစောင်းလာယင် အဲဒီအိမ်ရှိတဲ့ ခြံဘက်ကို မသွားရဲဘူး။ ဒါ
လောက်ထိအောင် ချောက်တဲ့တစ္ဆေလို့ ရွာသားတွေက ပြောကြတယ်။
ဒီလိုတရွာလုံးက ကြောက်နေပြီး နာမယ်ကြီးနေတဲ့အိမ်ကို ခလောက်နို့ သနီဝိုက်ရွာသားတယောက်က အလောင်းအစား
လုပ်ယင် သူတက်နေပြမယ်လို့ သတင်းလွင့်တယ်။
အဲဒီလို သတင်းလွင့်လိုက်လို့ မကြာခင်ဘဲ အိမ်ရှင်နဲ့ အပေးအယူတဲ့ကြတယ်။ အိမ်ရှင်က သူ့ အိမ်ပေါ်မှာ ၁၀ရက်အထိ
တက်နေရဲယင် တမိုးတွင်လုံး ထမင်းကျွေးထားမယ်၊ ဖြစ်နိုင်လို့ တစ္ဆေကို သူ့ အိမ်ကဆင်းသွားအောင် လုပ်နိုင်ယင် နွား
မတကောင်ပေးမယ်လို့ ဆိုတယ်။
အဲဒီလို ပြောလို့ဆိုလို့ပြီးတာနဲ့ ခလောက်နို့ သနီဝိုက်ရွာကလူဟာ နောက်တနေ့မှာဘဲ ဒီတစ္ဆေချောက်လှပါတယ်ဆိုတဲ့
အိမ်ကြီးပေါ်ကို ပြောင်းတက်လာတယ်။ ပြောင်းတက်လာတဲ့ညမှာဘဲ သူဟာ တစ္ဆေနဲ့ နဖူးတွေ့ ဒူးတွေ့  တွေ့ ရတယ်။
မိုးချုပ်လို့ သူအိမ်ရှေ့မှာထိုင်နေတုန်း နောက်ဖေးက ချိုးချိုးချွတ်ချွတ်နဲ့ ကြားရတယ်။ နောက်ဖေးကိုဝင်ကြည့်တော့ ဘာ
မှမတွေ့ ဘူး။ ဒါပေမဲ့ ချိုးချိုးချွတ်ချွတ်အသံဟာ အိမ်ရှေ့ကကြားရပြန်တယ်။ အသံလာရာ အိမ်ရှေ့ကိုထွက်လာတော့
အိမ်ရှေ့က အသံပျောက်သွားပြီး နောက်ဖေးဘက်ကပေါ်လာပြန်တယ်။ ဒီလူဟာ တချွတ်ချွတ် အသံနောက်ကိုလိုက်နေ
ယင်း သန်ကောင်ကျော်သွားတယ်။ မအိပ်ရသေးဘူး။
သူဟာ အိပ်ကလဲအိပ်ချင်၊တစ္ဆေကိုလဲတွေ့ ချင်၊ ရှာလို့လဲမတွေ့နဲ့ ဖြစ်နေတုန်း အကြံတခုရတာနဲ့ မီးဖိုထဲကစဥ့်အိုးကြီး
၂လုံးကြားကို ၀င်ပြီးထိုင်လိုက်ကာ တစ္ဆေမသိအောင် အသာပုန်းနေလိုက်တယ်။
ဒီလိုပုန်းနေလိုက်တော့ တစ္ဆေရဲ့ တချွတ်ချွတ်လုပ်သံကို မကြားရတော့ဘူး။ ဒါပေမဲ့ တမျိုးဖြစ်လာပြန်တယ်။ မမြင်ရတဲ့
တစ္ဆေဟာ မီးဖိုထဲက ရှိသမျှအိုးတွေခွက်တွေကို လျှောက်ပြီးဖွင့်တယ်။ ဖွင့်ပြီးပြန်ပိတ်တယ်။ ဒီလိုအိုးတွေခွက်တွေ ဖွင့်
တဲ့ပိတ်တဲ့အသံကို ကြားရပြန်တယ်။ တစ္ဆေဟာ မီးဖိုထဲကရှိသမျှ အို၊ ခွက်တွေ ပုလင်းတွေကအစ အဖုံးရှိတဲ့ဟာတိုင်း
ကို ဖွင့်ပြီးပြန်ပိတ်လာလိုက်တာ နောက်ဆုံးကျတော့ သူပုန်းနေတဲ့ စဥ့်အိုးကြီးနားရောက်လာပြီး စဥ့်အိုးကြီးဘေးတ၀ိုက်
က အိုတွေခွက်တွေကို ခွင့်ချည် ပိတ်ချည်လုပ်လာတယ်။
ဒီတင်စဥ့်အိုးကြားမှာ ငြိမ်ငြိမ်ကလေးပုန်းနေတဲ့ သနီဝိုက်ရွာသားက ' တစ္ဆေတော့ဧကန်ရှိတာဘဲ၊ ဘယ့်နှယ်လုပ်ရပါ့မ
လဲ ' လို့ စဉ်းစားတယ်။
ဒီလိုတွေးနေတုန်း တစ္ဆေဟာ သူ့ ဘေးက စဥ့်အိုးကြီးရဲ့အဖုံးကိုဖွင့်လိုက်တယ်။ နောက်ပြန်ပိတ်လိုက်တယ်။ ပြီးတော့
တခြားအိုးတလုံးကို ဖွင့်လိုက်တယ်။ ဒီတင် ဒီလူကရုတ်တရက်သတိယပြီး သူ့ လက်ဝါးကြီး၂ဖက်နဲ့ ကြမ်းပြင်ကို ဘုတ်
ဘုတ် ဘုတ်-ဘုတ်လို့ အားနဲ့ပုတ်လိုက်တယ်။ ဒီလိုလဲကြမ်းကိုပုတ်လိုက်ရော တစ္ဆေဟာလန့်ပြီး တခါထဲအိမ်ပေါ်ကဆင်း
ပြေးသွားလိုက်တာ အဲဒီကထဲက ဒီအိမ်ကိုတစ္ဆေဟာ ဘယ်တော့မှပြန်မလာတော့ဘူးတဲ့။
ခလောက်နို့ သနီဝိုက်ရွာကလူဟာ သူ့သတ္တိနဲ့ အကြံကောင်းကြောင့် အိမ်ရှင်ဆီက နွားမကလေးတကောင် ရသွားတယ်။
အခုတော့ ဒီတစ္ဆေ ချောက်လှတယ်ဆိုတဲ့အိမ်မှာ အိမ်သားတွေ စုစုဝေးဝေးနဲ့ နေနေကြပြီ။ *ﻠ* *ﻠ*
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Wednesday, March 25, 2009
ဒီရွာဘာရွာလဲ

ခလောက်နို့ရွာစုကလူတွေဟာ ညီညွတ်ကြပါတယ်။ တရွာထဲကဘာအလုပ်ကိုမှ နာမယ်ယူလေ့မရှိဘူး။ သူတို့ကိုမေးယင်
ခြုံပြီးတော့ 'ခလောက်နို့က' လို့ဘဲ ပြောလေ့ရှိကြတယ်။ နိုင်းကြာရွာကလူကို ဘယ်မှာနေသလဲလို့မေးယင် ခလောက်နို့က
လို့ဖြေလိမ့်မယ်။ ဒီရွာစုကလုပ်သမျှအလုပ်တွေကိုလဲ ခလောက်နို့က လုပ်တယ်လို့(ခလို)ရွာ အုပ်စုအပေါ်ပုံချလိုက်တယ်။
စုပေါင်းတာဝန်ယူတဲ့ သဘောဘဲ။
ခလောက်နို့က ရာဇဝင်တွင်လောက်အောင် ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလဲထွက်တယ်။ သမိုင်းဝင်မယ့်လုပ်ငန်းတွေလဲ တီတွင်
ထားခဲ့တယ်။ ရဟန်းတော်ထဲကဆိုရင် နှစ်ပေါင်းများစွာက ပျံလွန်တော်မူသွားပြီးဖြစ်တဲ့ ဆရာတော်ဦးပရမဟာ မန္တလေး
ရွှေကျင်ဂုဏ်းချုပ် ၀ိသုဒ္ဓါရုံ တိုက်ထွက်ဖြစ်ပြီး ပိုးကရင်စာပေဟောင်းနဲ့ ကဗျာလင်္ကာများကို အမွန်းတင်လို့ ရသမြောက်
မြောက်ရေးသားခဲ့တဲ့ ကျမ်းပေါင်းတော်တော်များများပြုစုထားပါတယ်။ တချို့လဲပေနဲ့ရှိပြီး တချို့လဲပုံနှိပ်ပြီးတယ်။နောက်
တပါးကတော့ မန်းစနဲ့ဗို့လို့ဘွဲ့တော်ရှိတဲ့ ဆရာတော်ဦးလာဘ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ကျော်က ရှေးပိုးကရင်
စာပေ ကဗျာလင်္ကာနဲ့ ခန္ဓာပူရ အဘိဓမ္မာကျမ်းကြီးနဲ့ ၀ဏ္ဏကုမ္မာဇာတ်ကြီးကို ရေးသားခဲ့ပါတယ်။ လူပုဂ္ဂိုလ်များထဲကဆို
ရင် အခုခေတ်မှာခေတ်အစားဆုံး လူကြိုက်အများဆုံး၊ ကြည့်မိကြားမိရင် ဘယ်သူမှမပြုံးမရယ်ဘဲမနေနိုင်တဲ့ 'ဒုံးကျောင်
ကဒယ်' လို့ခေါ်တဲ့ 'ပစ္စလက္ခဒုံး' ၊ 'ဖြစ်ချင်သလိုဖြစ်ဒုံး' လို့ နာမည်ကြီးလှတဲ့ ဟာသဒုံးကိုတီတွင်သူများဖြစ်ပါတယ်။ ဒီဒုံး
ကျောင်ကဒယ် ဟာသဒုံးရဲ့ကကွက်နဲ့ သီချင်းသွားတွေကို ဘယ်သူကထွင်ပါတယ်လို့ အမည်မခံကြဘူး။ ခလောက်နို့က
အစပထမထွင်တယ်လို့သာ သူတို့ရဲ့ဒေသကို ချစ်လှတဲ့သဘောနဲ့ ဒေသနာမည်ကိုပေးကြတယ်။
အဲဒီဒုံးကပုံကဆိုရင် ဒုံးဆရာကဆိုင်းကို အကောင်းဆုံးဆိုင်းဝိုင်းကြီးဖြစ်အောင် စီစဉ်တယ်။ ဆိုင်းကောင်းနှဲကောင်းကို
ရွေးတယ်။ က, ကြတဲ့အခါကျတော့ ဆိုင်းကသီချင်းသွားအလိုက် တီးကွက်ကိုတီးပေးမဲ့သူတို့က တခြားဒုံးတွေလို ညီညီ
ညာညာနဲ့ ဆိုင်းရဲ့တီးကွက်အတိုင်း လိုက်မကကြဘူး၊ ကိုယ်ကြိုက်သလိုကိုယ့်ဟာကိုယ် ကိုယ့်နည်းနဲ့ကိုယ်ကကြတယ်။
ဒုံးအကသမား၁၀ယောက်ရှိယင် တယောက်တမျိုးစီနဲ့ အကက ၁၀မျိုးဖြစ်ရတယ်။ ဒါမေဲ့ သီချင်းဆုံးလို့ဆိုင်းချတဲ့အခါကျ
တော့ တညီထဲ တဟန်ထဲ တချိုးထဲဖြစ်ရတယ်။ ကရင်ဒုံးရာဇ၀င်မှာ ရှေးကဒီဒုံးမျိုးမရှိဘူးဘူး။ ခလောက်နို့က ထွင်လာမှ
ကရင်တို့ရဲ့ ဒုံးကနည်းထဲမှာ ကနည်းသစ်ရယ်လို့ အသစ်ထည့်သွင်းလာရတဲ့ မော်ကွန်းဝင်ဒုံးဖြစ်တယ်။
သီဆိုကြတဲ့သီချင်းဆိုယင်လဲ အားလုံးဟာသသီချင်းချည်းဘဲဖြစ်ရတယ်။ ဒီသီချင်းသံကိုကြားလိုက်ယင် မပြုံးဘဲမနေနိုင်
တဲ့ သီချင်းမျိုးဖြစ်တယ်။
ဥပမာ - ပိုးကရင်အသံထွက်နဲ့
“ယဒါး٫ ဆိုးဖလုံ٫ မူးဒကာ
ဟေ—အောသာဒေ٫ ယသိမာ٫
ယိုးဒေါ်—ထီထီ٫ ဆာဆာ٫
အလိုဗျာ٫ မဟုတ်ပါကလား” လို့ ဖြစ်ပါတယ်။
မြန်မာလိုပြန်ယင် . . .
“အမျိုးသမီးတယောက်ကို မြင်လိုက်ပါတယ်၊
စိတ်အထင်ကတော့٫ ငါ့ရည်းစားများလာလို့
သေသေချာချာ သွားကြည့်ပြန်တော့
အလိုဗျာ٫ မဟုတ်ပါကလား”
ဗမာစကားလုံး 'အလိုဗျာ٫ မဟုတ်ပါကလား' ကို ပွဲကျအောင်ထည့်သုံးထားပါတယ်။ ဒီသီးချင်းကို လက်ဟန်ကိုယ်ဟန်နဲ့
ဒုံးသမား၁၀ယောက် ကဆိုတဲ့အခါ ဒုံးပွဲလာကြည့်ကြတဲ့ အမျိုးသမီးတွေထဲက သူတို့ကြိုက်တဲ့သူကို လက်ညှိုးထိုးပြီးဆို
ကြလို့လဲ တ၀ါးဝါး တဟားဟားဖြစ်ကြရတယ်။ အဲဒီလိုအဖက်ဖက်က ထူးချွန်တဲ့ရွာမှာတောင် တချို့ကလူဖြစ်ရမှာကြော
က်လှတယ်ဆိုတဲ့အကြောင်း ခလောက်နို့ရွာရဲ့ ပုံကလေးတပုံရှိပါတယ်။ ဒီပုံပြင်ကတော့ . . .
ရှေးက ခလောက်နို့ရွာမှာ အမျိုးသမီးကိုယ်ဝန်ဆောင်တယောက်ရှိတယ်။ ဆယ်လစေ့လို့အချိန်ကျတော့ မွေးဖွားဘို့ဖြစ်
လာတာနဲ့ လက်သယ်ဝမ်းဆွဲတွေနဲ့ အသင့်ကြပ်မတ်ပြီး မွေးကြတယ်။
ဒီအခါဝမ်းထဲက ခလေးရဲ့ခေါင်းကလေးဟာ ပထမထွက်တယ်။ ဒီလိုထွက်လာပြီးတော့ ၀မ်းဆွဲနဲ့ဘေးကလူတွေကို
“ဒီရွာဘာရွာလဲ” လို့ မေးတယ်။
ဒီတော့ ၀မ်းအပြင်တောင် မကျွတ်သေးတဲ့ ခလေးကစကားပြောတယ်၊ ဒို့ရွာကိုမေးတယ်လို့ ၀မ်းသာအားရ ဖြစ်ကြပြီး
“သားရေ့ ဒီရွာဟာ ခလောက်နို့ရွာကွဲ့” လို့ ပြန်ဖြေကြတယ်။
ဒီတင် ထွက်နေတဲ့ခေါင်းကလေးဟာ ပြန်ဝင်သွားပြီး တခါထဲ ပြန်ထွက်မလာတော့ဘူး။ ၀မ်းဆွဲတွေကလဲ ဘာမှထပ်လုပ်
လို့မရတာနဲ့  ဒီအတိုင်းကြည့်နေရတယ်။ မိခင်ဟာလဲ သူ့ဝမ်းထဲကသားငယ်က နေသားတကျပြန်နေလိုက်တော့ ဘာမှမ
ဖြစ်တော့ဘဲ လူကောင်းပကတိဖြစ်သွားတယ်။ ဒါနဲ့ နောက်တနှစ်ရောက်လို့ အချိန်ကျတော့ ဒီကိုယ်ဝန်ဟာမွေးဘို့ဖွားဘို့
ဖြစ်လာပြန်တယ်။ ဒီအခါမှာလဲ လက်သယ်တွေဝမ်းဆွဲတွေနဲ့ ပိုဂရုစိုက်ပြီး မွေးဖွားဘို့ပြင်ဆင်ကြပြန်တယ်။
ဒီလိုလက်သယ်တွေအလုပ်ရှုပ်နေတုန်း ခလေးဟာခေါင်းကလေးထွက်လာကာ ဟိုကြည့်ဒီကြည့်နဲ့ကြည့်ပြီး “ဒီရွာဟာဘာ
ရွာလဲ” လို့ မေးမြန်တယ်။ ဒီတခါအနားကလူတွေက ထူးဆန်းလိုက်တဲ့ကလေးဘဲလို့ ၀မ်းသာအာရနဲ့ “ဒီရွာဟာခလောက်
နို့ရွာကွဲ့ လူကလေး” လို့ဖြေကြားတယ်။ ဒီအဖြေကိုကြားတာနဲ့ ထွက်နေတဲ့ခေါင်းကလေးဟာ သူ့အမေ၀မ်းထဲပြန်ဝင်သွား
ပြီး နောက်ထပ်ထွက်မလာတော့ဘူး။ နဂိုအတိုင်း သူ့ နေရာသူ ပြန်နေလိုက်လို့ အမေဖြစ်သူမှာလဲ လူကောင်းပကတိပြန်
ဖြစ်သွားပြီး မမွေးတော့ဘူး။ ဒါနဲ့နေကြပြီး နောက်တနှစ်ကြာတော့ ဒီကိုယ်ဝန်သယ်ဟာမွေးဖွားဘို့ ၀မ်းနာလာပြန်တယ်။
ဒီအခါမှာလဲ အထူးဂရုစိုက်ကြပြီး လက်သယ်တွေဝမ်းဆွဲတွေခေါ်ကာ မွေးဖွားဘို့စီစဉ်ကြပြန်တယ်။
ဒီလိုဂရုတစိုက်လုပ်နေကြတုန်း ၀မ်းထဲက ခလေးကခေါင်းကလေးထွက်လာပြီး “ဒီရွာဟာ ဘာရွာခေါ်သလဲ” လို့ မေးပြန်
တယ်။ ဒီတင်အကြောင်းသိထားတဲ့ လက်သယ်တွေကကလေးရဲ့မေးခွန်းကို ပြန်မဖြေတော့ဘဲ အပြင်ကိုအတင်းဆွဲထုတ်
လိုက်ကြတယ်။ အပြင်ရောက်လာတော့မှ “ဒီရွာဟာ ခလောက်နို့ရွာကွဲ့ လူကလေး” လို့ ဖြေလိုက်ကြရတယ်။
အဲဒီအထိ တချို့လူတွေက ခလောက်နို့ရွာသားတွေရဲ့ အနောက်အပြောင်ကိုကြောက်လွန်းလို့ ဒီရွာမှာ လူမဖြစ်ချင်တဲ့လူ
တောင် ရှိသေးတယ်” လို့ ခလောက်နို့ပုံပြင်ဆရာကဘဲ သူ့ ရွာအကြောင်းကို ပြောပြသေးတယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Saturday, February 14, 2009
မယားကိုတားနည်းတမျိုး
တခါက ခလောက်နို့ ရွာမှာ ဆင်းဆင်းရဲရဲနဲ့  သူတပါးခိုင်းတာကို ဘာမဆိုလုပ်ပေးပြီး အသက်မွေးတဲ့ လူကောင်းတ
ယောက်ရှိတယ်။ ဒီလူဟာ ဆင်းရဲပေမဲ့စကားအပြောအဆိုချိုသာတယ်၊ သီချင်းဆိုလည်းကောင်းတယ်။
ဒီလို အပြောကောင်း အဆိုကောင်းတာကြောင့် ရွာကလယ်ယာရှိတဲ့ မိခင်ဖခင်ရဲ့ သမီးတယောက်နဲ့  အိမ်ထောင်ကျ
တယ်။ အိမ်ထောင်ကျတော့ ဒီလူကယောက္ခမအိမ်မှာ လိုက်မနေဘူး၊ ဇနီးကို သူ့ အိမ်ခေါ်ခဲ့တယ်။ သူ့ အိမ်ကခြေတံ
ရှေရှေနဲ့  အိမ်မြင့်မြင့်ဖြစ်တယ်။ အကာအရံရယ်လို့ တော့ လုံအောင်မရှိဘူး။ သူ့ ဇနီးဟာ သူ့ နဲ့ အတူလိုက်နေရတော့
အစားအသောက် အနေအထိုင်ကစပြီး အင်မတန် ဆင်းရဲနေတယ်။ ဒါကြောင့်နေ့ တကျက်ကျက် ညတကျက်ကျက်
ဖြစ်နေကျတယ်။ ဒီလို တကျက်ကျက် ဖြစ်နေကြတဲ့အထဲမှာ သမီးကလေးတယောက်မွေးလာတယ်။ သမီးကလေးရ
လာတော့လဲ မိန်းမကဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်လို့  တကျက်ကျက်နဲ့ ဘဲဖြစ်နေတယ်။
တနေ့  လင်မယားနှစ်ယောက် အကြီးအကျယ် စကားများရန်ဖြစ်တဲ့အခါ မယားကအထုပ်အပိုးပြင်ပြီး ကလေးကိုချီ
ကာ အမေ့အိမ်ပြန်မလို့ လုပ်တယ်။ ဒီတော့ လင်ဖြစ်သူက ' သူ့ မယားစိတ်ဆိုးပြီး ပြန်သွားရင် ခက်ရချေရဲ့ ၊နောက်မှ
လိုက်ခေါ်ရရင်လဲ ရှက်စရာကြီးဖြစ်နေမယ် ' လို့ တွေးမိတယ်။ ဒါပေမဲ့ ရန်ဖြစ်တာကို အရှော့မပေးချင်တာနဲ့  " ဟေ့
မင်းပြန်ချင်ယင်ပြန် ဒါပေမဲ့ ငါ့ လှေကားကမဆင်းနဲ့ " လို့ ကန့် ကွက်တယ်။
ဒီလိုပြောတော့ မယားကစိတ်ဆိုးဆိုးနဲ့ "နင့်လှေကားကမဆင်းရယင် အိမ်တိုင်ဖက်ပြီးဆင်းမယ်" လို့ ပြောပြီး တိုင်က
ဖက်ဆင်းဘို့  လုပ်တယ်။
ဒီတခါ လင်ဖြစ်သူက အနားသွားပြီး " ဒီလိုဘယ်ရမလဲ၊ ငါ့  တိုင်ကလဲ နင်မဆင်းရဘူး၊ ပြန်ချင်ယင်ပြန် " လို့ ပြောပြန်
တယ်။
ဒီလိုပြောတော့ စိတ်ဆိုးတဲ့မယားက "နင့်လှေကားကလဲမဆင်းရဘူး၊ နင့် တိုင်ကလဲ မဆင်းရဘူးဆိုယင်၊ ဘယ်လိုလုပ်
မလဲ ငါလဲကလေးနဲ့  အိမ်အမြင့်ကြီးပေါ်က ခုန်ချလို့ မရဲဘူး" လို့  ပြန်ရန်တွေ့ တယ်။
ဒီတော့ လင်ဖြစ်သူက "ဟင်.... ဘယ်လိုလုပ်ရမလဲ၊ နင်မဆင်းတတ်ယင် ဒီမှာဘဲနေပေါ့ ၊ နင်ပြန်တာကို ငါမတားဘူး"
လို့  ပြန်ပြောလိုက်တယ်။
ဒီတင်မိန်းမက အထုပ်ကိုအခန်းထဲပစ်သွင်းလိုက်ပြီး တနေ့ လုံးစကားမပြောဘဲ ဆောင့်ဆောင့်အောင့်အောင့် လုပ်နေ
လိုက်တော့တယ်။ ...........




