Wednesday, March 25, 2009
ဒီရွာဘာရွာလဲ
ခလောက်နို့ရွာစုကလူတွေဟာ ညီညွတ်ကြပါတယ်။ တရွာထဲကဘာအလုပ်ကိုမှ နာမယ်ယူလေ့မရှိဘူး။ သူတို့ကိုမေးယင်
ခြုံပြီးတော့ 'ခလောက်နို့က' လို့ဘဲ ပြောလေ့ရှိကြတယ်။ နိုင်းကြာရွာကလူကို ဘယ်မှာနေသလဲလို့မေးယင် ခလောက်နို့က
လို့ဖြေလိမ့်မယ်။ ဒီရွာစုကလုပ်သမျှအလုပ်တွေကိုလဲ ခလောက်နို့က လုပ်တယ်လို့(ခလို)ရွာ အုပ်စုအပေါ်ပုံချလိုက်တယ်။
စုပေါင်းတာဝန်ယူတဲ့ သဘောဘဲ။
ခလောက်နို့က ရာဇဝင်တွင်လောက်အောင် ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလဲထွက်တယ်။ သမိုင်းဝင်မယ့်လုပ်ငန်းတွေလဲ တီတွင်
ထားခဲ့တယ်။ ရဟန်းတော်ထဲကဆိုရင် နှစ်ပေါင်းများစွာက ပျံလွန်တော်မူသွားပြီးဖြစ်တဲ့ ဆရာတော်ဦးပရမဟာ မန္တလေး
ရွှေကျင်ဂုဏ်းချုပ် ၀ိသုဒ္ဓါရုံ တိုက်ထွက်ဖြစ်ပြီး ပိုးကရင်စာပေဟောင်းနဲ့ ကဗျာလင်္ကာများကို အမွန်းတင်လို့ ရသမြောက်
မြောက်ရေးသားခဲ့တဲ့ ကျမ်းပေါင်းတော်တော်များများပြုစုထားပါတယ်။ တချို့လဲပေနဲ့ရှိပြီး တချို့လဲပုံနှိပ်ပြီးတယ်။နောက်
တပါးကတော့ မန်းစနဲ့ဗို့လို့ဘွဲ့တော်ရှိတဲ့ ဆရာတော်ဦးလာဘ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ကျော်က ရှေးပိုးကရင်
စာပေ ကဗျာလင်္ကာနဲ့ ခန္ဓာပူရ အဘိဓမ္မာကျမ်းကြီးနဲ့ ၀ဏ္ဏကုမ္မာဇာတ်ကြီးကို ရေးသားခဲ့ပါတယ်။ လူပုဂ္ဂိုလ်များထဲကဆို
ရင် အခုခေတ်မှာခေတ်အစားဆုံး လူကြိုက်အများဆုံး၊ ကြည့်မိကြားမိရင် ဘယ်သူမှမပြုံးမရယ်ဘဲမနေနိုင်တဲ့ 'ဒုံးကျောင်
ကဒယ်' လို့ခေါ်တဲ့ 'ပစ္စလက္ခဒုံး' ၊ 'ဖြစ်ချင်သလိုဖြစ်ဒုံး' လို့ နာမည်ကြီးလှတဲ့ ဟာသဒုံးကိုတီတွင်သူများဖြစ်ပါတယ်။ ဒီဒုံး
ကျောင်ကဒယ် ဟာသဒုံးရဲ့ကကွက်နဲ့ သီချင်းသွားတွေကို ဘယ်သူကထွင်ပါတယ်လို့ အမည်မခံကြဘူး။ ခလောက်နို့က
အစပထမထွင်တယ်လို့သာ သူတို့ရဲ့ဒေသကို ချစ်လှတဲ့သဘောနဲ့ ဒေသနာမည်ကိုပေးကြတယ်။
အဲဒီဒုံးကပုံကဆိုရင် ဒုံးဆရာကဆိုင်းကို အကောင်းဆုံးဆိုင်းဝိုင်းကြီးဖြစ်အောင် စီစဉ်တယ်။ ဆိုင်းကောင်းနှဲကောင်းကို
ရွေးတယ်။ က, ကြတဲ့အခါကျတော့ ဆိုင်းကသီချင်းသွားအလိုက် တီးကွက်ကိုတီးပေးမဲ့သူတို့က တခြားဒုံးတွေလို ညီညီ
ညာညာနဲ့ ဆိုင်းရဲ့တီးကွက်အတိုင်း လိုက်မကကြဘူး၊ ကိုယ်ကြိုက်သလိုကိုယ့်ဟာကိုယ် ကိုယ့်နည်းနဲ့ကိုယ်ကကြတယ်။
ဒုံးအကသမား၁၀ယောက်ရှိယင် တယောက်တမျိုးစီနဲ့ အကက ၁၀မျိုးဖြစ်ရတယ်။ ဒါမေဲ့ သီချင်းဆုံးလို့ဆိုင်းချတဲ့အခါကျ
တော့ တညီထဲ တဟန်ထဲ တချိုးထဲဖြစ်ရတယ်။ ကရင်ဒုံးရာဇ၀င်မှာ ရှေးကဒီဒုံးမျိုးမရှိဘူးဘူး။ ခလောက်နို့က ထွင်လာမှ
ကရင်တို့ရဲ့ ဒုံးကနည်းထဲမှာ ကနည်းသစ်ရယ်လို့ အသစ်ထည့်သွင်းလာရတဲ့ မော်ကွန်းဝင်ဒုံးဖြစ်တယ်။
သီဆိုကြတဲ့သီချင်းဆိုယင်လဲ အားလုံးဟာသသီချင်းချည်းဘဲဖြစ်ရတယ်။ ဒီသီချင်းသံကိုကြားလိုက်ယင် မပြုံးဘဲမနေနိုင်
တဲ့ သီချင်းမျိုးဖြစ်တယ်။
ဥပမာ - ပိုးကရင်အသံထွက်နဲ့
“ယဒါး٫ ဆိုးဖလုံ٫ မူးဒကာ
ဟေ—အောသာဒေ٫ ယသိမာ٫
ယိုးဒေါ်—ထီထီ٫ ဆာဆာ٫
အလိုဗျာ٫ မဟုတ်ပါကလား” လို့ ဖြစ်ပါတယ်။
မြန်မာလိုပြန်ယင် . . .
“အမျိုးသမီးတယောက်ကို မြင်လိုက်ပါတယ်၊
စိတ်အထင်ကတော့٫ ငါ့ရည်းစားများလာလို့
သေသေချာချာ သွားကြည့်ပြန်တော့
အလိုဗျာ٫ မဟုတ်ပါကလား”
ဗမာစကားလုံး 'အလိုဗျာ٫ မဟုတ်ပါကလား' ကို ပွဲကျအောင်ထည့်သုံးထားပါတယ်။ ဒီသီးချင်းကို လက်ဟန်ကိုယ်ဟန်နဲ့
ဒုံးသမား၁၀ယောက် ကဆိုတဲ့အခါ ဒုံးပွဲလာကြည့်ကြတဲ့ အမျိုးသမီးတွေထဲက သူတို့ကြိုက်တဲ့သူကို လက်ညှိုးထိုးပြီးဆို
ကြလို့လဲ တ၀ါးဝါး တဟားဟားဖြစ်ကြရတယ်။ အဲဒီလိုအဖက်ဖက်က ထူးချွန်တဲ့ရွာမှာတောင် တချို့ကလူဖြစ်ရမှာကြော
က်လှတယ်ဆိုတဲ့အကြောင်း ခလောက်နို့ရွာရဲ့ ပုံကလေးတပုံရှိပါတယ်။ ဒီပုံပြင်ကတော့ . . .
ရှေးက ခလောက်နို့ရွာမှာ အမျိုးသမီးကိုယ်ဝန်ဆောင်တယောက်ရှိတယ်။ ဆယ်လစေ့လို့အချိန်ကျတော့ မွေးဖွားဘို့ဖြစ်
လာတာနဲ့ လက်သယ်ဝမ်းဆွဲတွေနဲ့ အသင့်ကြပ်မတ်ပြီး မွေးကြတယ်။
ဒီအခါဝမ်းထဲက ခလေးရဲ့ခေါင်းကလေးဟာ ပထမထွက်တယ်။ ဒီလိုထွက်လာပြီးတော့ ၀မ်းဆွဲနဲ့ဘေးကလူတွေကို
“ဒီရွာဘာရွာလဲ” လို့ မေးတယ်။
ဒီတော့ ၀မ်းအပြင်တောင် မကျွတ်သေးတဲ့ ခလေးကစကားပြောတယ်၊ ဒို့ရွာကိုမေးတယ်လို့ ၀မ်းသာအားရ ဖြစ်ကြပြီး
“သားရေ့ ဒီရွာဟာ ခလောက်နို့ရွာကွဲ့” လို့ ပြန်ဖြေကြတယ်။
ဒီတင် ထွက်နေတဲ့ခေါင်းကလေးဟာ ပြန်ဝင်သွားပြီး တခါထဲ ပြန်ထွက်မလာတော့ဘူး။ ၀မ်းဆွဲတွေကလဲ ဘာမှထပ်လုပ်
လို့မရတာနဲ့  ဒီအတိုင်းကြည့်နေရတယ်။ မိခင်ဟာလဲ သူ့ဝမ်းထဲကသားငယ်က နေသားတကျပြန်နေလိုက်တော့ ဘာမှမ
ဖြစ်တော့ဘဲ လူကောင်းပကတိဖြစ်သွားတယ်။ ဒါနဲ့ နောက်တနှစ်ရောက်လို့ အချိန်ကျတော့ ဒီကိုယ်ဝန်ဟာမွေးဘို့ဖွားဘို့
ဖြစ်လာပြန်တယ်။ ဒီအခါမှာလဲ လက်သယ်တွေဝမ်းဆွဲတွေနဲ့ ပိုဂရုစိုက်ပြီး မွေးဖွားဘို့ပြင်ဆင်ကြပြန်တယ်။
ဒီလိုလက်သယ်တွေအလုပ်ရှုပ်နေတုန်း ခလေးဟာခေါင်းကလေးထွက်လာကာ ဟိုကြည့်ဒီကြည့်နဲ့ကြည့်ပြီး “ဒီရွာဟာဘာ
ရွာလဲ” လို့ မေးမြန်တယ်။ ဒီတခါအနားကလူတွေက ထူးဆန်းလိုက်တဲ့ကလေးဘဲလို့ ၀မ်းသာအာရနဲ့ “ဒီရွာဟာခလောက်
နို့ရွာကွဲ့ လူကလေး” လို့ဖြေကြားတယ်။ ဒီအဖြေကိုကြားတာနဲ့ ထွက်နေတဲ့ခေါင်းကလေးဟာ သူ့အမေ၀မ်းထဲပြန်ဝင်သွား
ပြီး နောက်ထပ်ထွက်မလာတော့ဘူး။ နဂိုအတိုင်း သူ့ နေရာသူ ပြန်နေလိုက်လို့ အမေဖြစ်သူမှာလဲ လူကောင်းပကတိပြန်
ဖြစ်သွားပြီး မမွေးတော့ဘူး။ ဒါနဲ့နေကြပြီး နောက်တနှစ်ကြာတော့ ဒီကိုယ်ဝန်သယ်ဟာမွေးဖွားဘို့ ၀မ်းနာလာပြန်တယ်။
ဒီအခါမှာလဲ အထူးဂရုစိုက်ကြပြီး လက်သယ်တွေဝမ်းဆွဲတွေခေါ်ကာ မွေးဖွားဘို့စီစဉ်ကြပြန်တယ်။
ဒီလိုဂရုတစိုက်လုပ်နေကြတုန်း ၀မ်းထဲက ခလေးကခေါင်းကလေးထွက်လာပြီး “ဒီရွာဟာ ဘာရွာခေါ်သလဲ” လို့ မေးပြန်
တယ်။ ဒီတင်အကြောင်းသိထားတဲ့ လက်သယ်တွေကကလေးရဲ့မေးခွန်းကို ပြန်မဖြေတော့ဘဲ အပြင်ကိုအတင်းဆွဲထုတ်
လိုက်ကြတယ်။ အပြင်ရောက်လာတော့မှ “ဒီရွာဟာ ခလောက်နို့ရွာကွဲ့ လူကလေး” လို့ ဖြေလိုက်ကြရတယ်။
အဲဒီအထိ တချို့လူတွေက ခလောက်နို့ရွာသားတွေရဲ့ အနောက်အပြောင်ကိုကြောက်လွန်းလို့ ဒီရွာမှာ လူမဖြစ်ချင်တဲ့လူ
တောင် ရှိသေးတယ်” လို့ ခလောက်နို့ပုံပြင်ဆရာကဘဲ သူ့ ရွာအကြောင်းကို ပြောပြသေးတယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Labels:
kaloutnok tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment