Monday, January 4, 2010
ခလောက်နို့ကို သပိတ်မှောက်တဲ့ဒုံး
တခါကခလောက်နို့ရွာမှာ အလှူကြီးတခုရှိလို့ တ၀မ်းပူရွာက ဒုံးကိုငှားပြီး ညကျတော့ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ
သွင်းဘို့စီစဉ်ကြတယ်။
ညနေစောင်းလို့ တ၀မ်းကူရွာက ဒုံးအဖွဲ့ရောက်လာတယ်ကြားတဲ့အခါ ရွာကလူတွေက " ဘယ်ရွာကဒုံးလဲ၊ ဘယ်ဆရာရဲ့
ဒုံးလဲ၊ ဘယ်သူငှားခဲ့တဲ့ဒုံးလဲ " လို့ အချင်းချင်းမေးကြ မြန်းကြတယ်။ ဒီတခါ တ၀မ်းပူရွာကဒုံးဖြစ်တဲ့အကြောင်း၊ ဒုံးက
ရှော်ရတဲ့အထဲမှာ နှဲဆရာကလဲ ၀ါးခြမ်းပြားကလေးထောင်ထားသလို ပိန်ချုံးနေတဲ့အပြင် နှဲကလဲ ညံ့သားကျလှတဲ့အ
ကြောင်း၊ ဒီဒုံးအဖွဲ့ကိုမှ သူကြီးကငှားခဲ့ကြောင်း အချင်းချင်း မေးကြဖြေကြနဲ့ တယောက်တပေါက်စီ ဖြစ်နေကြတယ်။
ဒုံးအဖွဲ့ရောက်လာပြီး ကဘို့ပြင်ဆင်နေပေမဲ့ ဒုံးအဖွဲ့ ညံ့ပုံရှော်ပုံသတင်းက ရွာထဲမှာပြန့်နှံ့နေတာနဲ့ လူတွေက တယ်မ
သွားကြလို့ ပွဲခင်းမှာ ခြောက်ကပ်ကပ်ဖြစ်နေတယ်။ တချို့ကလဲ အခြေအနေကြည့်ပြီး သွားသင့်မှသွားကြည့်မယ်လို့ ချိန်
ဆကာ ဒုံးပွဲပြန်တွေပြောမယ့် သတင်းကို နားစွင့်နေကြတယ်။
ဒုံးအဖွဲ့ကတော့ မိုးချုပ်တာနဲ့ အောက်လင်းဓာတ်မီးကြီးတွေထွန်းပြီး စကတာဘဲ။ စပြီးတယ်ဆိုယင်ဘဲ ပွဲကြည့်ပရိတ်
သတ်က ဒီဒုံးဟာ ဒုံးရှော်ကြီးဘဲလို့ သိကုန်ကြတယ်။ အရှော်ဆုံးကတော့ ဆိုင်းရောအဆိုရောကိုဦးဆောင်ပြီး မှုတ်နေ
တဲ့နှဲဘဲ။ နှဲဆရာကလဲပိန်ပြီး အားမရစရာ ဘိန်းစားရုပ်ပေါက်နေရတဲ့အထဲမှာ ကလဲမပီမသနဲ့ အထစ်ထစ် အငေါ့ငေါ့ဖြစ်
နေတော့ အစကတဲကမကောင်းတဲ့ဒုံးကို နှဲကဖျက်နေပြန်သလို ဖြစ်နေတယ်။ ဒုံးအဖွဲ့ဟာ အင်မတန်ရှော်အားကြီးတော့
ဒီညအတွက်ငှားပြီးလို့ ဘာမှမတတ်နိုင်တာနဲ့ နောက်တညမှာ တခြားဒုံးအဖွဲ့ကိုငှားဘို့ တိုင်ပင်တဲ့ လူကြီးတွေကလဲ
ကျောင်းပေါ်မှာတိုင်ပင်နေကြတယ်။ ဒီလိုတိုးတိုးတိတ်တိတ်တိုင်ပင်နေကြတုန်း ပွဲခင်းထဲက လူတယောက်တက်လာပြီး
လူကြီးတွေအနားမှာ ၀င်ထိုင်လိုက်တယ်။
ဒီတင်လူကြီးတယောက်က " ဒုံးကဘယ်လိုနေသလဲဟေ့ " လို့ ဒီလူရဲ့ အာဘော်ကိုသိချင်လို့ မေးစမ်းကြည့်တယ်။ ဒီ
တော့ဝင်ထိုင်တဲ့လူက " ဒုံးကတော့ ရှော်ပါတယ်၊ လယ်ပင်သေးသေးကလေးကျန်နေတဲ့ နှဲဆရာဟာ ဒီလိုသာ မှုတ်နေ
ရယင် ဒီညသေမလားတောင်မသိဘူး " လို့ ကောက်ကာငင်ကာ ပြောလိုက်တယ်။ ဒီစကားကိုကြားတာနဲ့ လူကြီးတ
ယောက်က အကြံရပြီး ထိုင်ရာကထကာ ကျောင်းအောက်ကိုဆင်းသွားတယ်။ ကျောင်းအောက်ရောက်တော့ ဘုန်းကြီး
က ဇရပ်အတွက် တိုက်ထားတဲ့ တပေပျဉ်၃ချပ်ကိုထမ်းပြီး ဒုံးကနေတဲ့ မဏ္ဍပ်ထဲယူသွားကာ နှဲဆရာအနားမှာ ချထား
လိုက်တယ်။ ဒါကိုမြင်တော့ ဒုံးဆရာက " ဒီပျဉ်တွေက ဘာလုပ်ဖို့လဲ၊ ဒီမှာမလိုတော့ပါကလား " လို့ စူးစမ်းတဲ့သဘော
နဲ့ မေးတယ်။
ဒီလိုမေးလိုက်တော့ ပျဉ်ထမ်းလာတဲ့ကျောင်းဒကာကြီးက " လိုပါလိမ့်မယ်၊ နှဲဆရာဟာ ဒီညနှဲမှုတ်ယင်း အသက်ထွက်
သွားယင် တခါထဲခေါင်းစပ်ဖို့ပါ " လို့ ပြောလိုက်တယ်။ ဒီစကားကိုကြားတာနဲ့ နှဲဆရာဟာ စိတ်ဆိုးလွန်းလို့ သူ့နှဲကိုပစ်
ချပြီး တခါထဲညတွင်းချင်း သူ့ရွာကိုပြန်သွားတယ်။ တားကြ ဆွဲကြပေမဲ့ မရတော့ဘူး။ ဒုံးဆရာကလဲ နှဲဆရာမရှိတော့
ဒုံးကို သိမ်းလိုက်ရတယ်။ မိုးမလင်းခင်ဘဲ ဒုံးအဖွဲ့ဝင်တွေဟာ ဘယ်သူ့ကိုမှနှုတ်မဆက်တော့ဘဲ ပြန်သွားကြတယ်။
ဒီလိုအလုပ်ခံရပြီးကတဲက တ၀မ်းပူရွာက ဒုံးအဖွဲ့အဆက်ဆက်ဟာ ခလောက်နို့ရွာက လာငှားယင် မလိုက်တော့ဘူးလို့
သိရတယ်။
Labels:
kaloutnok tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment