
လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အချိန်အတွင်းက ဖြစ်တယ်။ ဒီအချိန်ဟာပထမဆုံးစပြီး တိုင်းပြည်မှာဘရမ်းဘတာစဖြစ်
တဲ့ အချိန်လို့ ဆိုရမယ်။
လက်နက်ကိုင်အင်းအားစုအမျိုးမျိုးဟာ ရရာလက်နက်တွေတကိုင်ကိုင်နဲ့ တောရွာကျေးလက်တွေမှာ မင်းမူကြတယ်။ ပြီးတော့
သူတို့အချင်းချင်းလဲ တဖွဲ့နဲ့ တဖွဲ့မတဲ့ကြဘူး။ ဘာလက်နက်မှမရှိတဲ့ တောသူတောင်သားတွေကတော့ သူတို့ကိုဘဲ ကြောက်
လန့်နေရတယ်။
အဆင်မပြေယင် ဒီလက်နက်ကိုင် လူအမျိုးမျိုးတွေက လူရှေ့သူရှေ့မှာဘဲဖြစ်ဖြစ် သူတို့မကြိုက်တဲ့လူကို ပြောင်ဆွဲထုပ်သွား
ပြီးသတ်ပစ်တာလဲရှိတယ်။ တိတ်တိတ်ချောင်းပြီး ပစ်သတ်သွားတာမျိုးလဲရှိတယ်။ ဓါးပြတွေကလဲ တဖုတ်ဖုတ် တိုက်နေတယ်။
အစိုးရအဖြစ် အုပ်ချုပ်တဲ့လူတွေကလဲ ထစ်ကနဲဆိုယင် ဖမ်းလားဆီးလားလုပ်နေပြန်တော့ တောသူတောင်သားတွေဟာ ကမ္ဘာ
ပျက်တဲ့ အချိန်မှာ လူဖြစ်ရသလို တခုခုကိုအမြဲစိုးရိမ်ကြောက်လန့်နေရပြီး ဘာမှမလုပ်ရဲ မကိုင်ရဲတဲ့အချိန် ဖြစ်တယ်။
ဓားပြရန်၊ ပြန်ပေးရန်ကအစ မင်းဘေး စိုးဘေးကိုပါ ကြောက်ရွံ့နေကြရပြီး နေ့လယ်နေ့ခင်းသာ ကိုယ့်အလုပ်အကိုင်ကလေးကို
ဝတ်ကျေတန်းကျေးလုပ်ကိုင်စားပြီး ညဘက်မှာဆိုယင် ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုမအိပ်ရဲဘဲ ပြောင်းရွှေ့ပုန်းအောင်ပြီး အိပ်နေ
ကြရတဲ့အချိန်မျိုးမှာ.....
တနေ့တော့ ခလောက်နို့ရွာကို အာဏာရ နိုင်ငံရေးပါတီက လူတယောက်ရောက်လာပြီး လွတ်လပ်ရေးအကြောင်း ၊ လွတ်လပ်
ရေးရဲ့ တန်းဘိုးအကြောင်း သူ့မိတ်ဆွေတဦးရဲ့ အိမ်မှာ ထိုင်ပြီး ပြောပြနေတယ် ။
ဒီတော့ အိမ်ရှင်က " ခင်ဗျားပြောတာတွေဟာ ဟုတ်တယ်ဘဲထားပါတော့ ၊ ဒို့ကတော့ တောကျေးလက်မှာ ရိုးရိုးနေပြီး ကိုယ့်
ဝမ်းစာကို ကိုယ်ရှာစားတဲ့လူတွေဆိုတော့ ငါတခုမေးချင်တယ် ၊ မင်းတို့လွတ်လပ်ရေးကို တမျိုးနဲ့ပြန်လဲလို့ မရဘူးလား " တဲ့။
ဒီလိုမေးတော့ ဧည့်သယ်က အံ့အားသင့်ပြီး " ဟာ.... ခင်ဗျားဘာစကားပြောတာလဲ ၊ ဒီလွတ်လပ်ရေးရဘို့အတွက် ဘယ်
လောက်ကြိုးစားခဲ့ရတယ်ဆိုတာမှ ခင်ဗျားမသိဘူးလာ " လို့ ပြန်ပြောတယ် ။
ဒီအခါ အိမ်ရှင်က " မသိပါဘူးဗျာ ၊ ဒီလွတ်လပ်ရေးမျိုးသာ ရမယ်လို့ အစကသိရယင်ကျုပ်တို့ကခုခံပြီး မလိုချင်တဲ့အကြောင်း
ပြောမှာပေါ့ ၊ အခုဒီလွတ်လပ်ရေးကြီးရပြီး မကြာဘူး ၊ တညမှ အိမ်မှာမအိပ်ရဲသေးဘူး ၊ ကောင်းကောင်းအိပ်လို့ စားလို့ရတဲ့
လွတ်လပ်ရေးမျိုးနဲ့ လဲလို့ရယင် ပြန်သာလဲကြပါကွာ " လို့ သူအသိနဲ့သူ နားလည်သလိုပြန်ပြောတယ် ။
ဒါနဲ့ ဧည့်သည်က သူ့မိတ်ဆွေအိမ်ရှင်နဲ့တော့ စကားပြောလို့မဖြစ်ပါဘူးလို့ သဘောပေါက်ပြီး နိုင်ငံရေးအကြောင်းမပြောဘဲ
အသာနေလိုက်ကာ ၊ တခြားအကြောင်းတွေကို လှီးလွှဲပြီး ပြောတော့တယ်။
ညနေပြန်ခါနီးကျတော့ ဧည့်သည်က တခါဆက်ပြီး " ကျနော်တို့ဟာ မကြာတော့ပါဘူး ၊ လူတိုင်း တိုက်အိမ်နဲ့ နေကြရတော့
မှာပါ ၊ တိုက်ဆောက်နိုင်ကြပါလိမ့်မယ် " လို့ အစချီပြီး အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် ၊ ရည်မှန်းချက်တွေကို တင်
ပြပြန်တယ် ။
ဧည့်သည်ရဲ့စကားဆုံးတော့ အိမ်ရှင်က " ငါကတော့တိုက်နဲ့လဲမနေချင်ဘူး ဆိုပါအုံးကွာ ငါက တိုက်ဆောက်နိုင်တယ်လို့ဘဲ
ထားပါဦး ၊ ဒီတိုက်ကြီးရဲ့ ဘယ်နေရာမှာ ငါ့အုန်းဆီပုလင်းကို သွားဆွဲထားရမှာလဲကွ ၊ တိုက်ဆိုတဲ့ ဥစ္စာကြီးက အထဲရော အ
ပြင်ရော ပြောင်ချောနေတာ ၊ ဘယ်လိုလုပ်ပြီး ချိပ်ထားလို့ ဖြစ်မှာလဲ " လို့ ပြန်ပြောလိုက်သတဲ့ ။
အာဏာရပါတီက မိတ်ဆွေလဲ နှုတ်ဆက်ပြီး ဘားအံ့မြို့ကို ပြန်သွားတော့တယ်။

No comments:
Post a Comment