Friday, September 11, 2009
ခလောက်နို့ ကောက်ညှင်း
မန္တလေးကမှန်စီရွှေချဆရာ ဦးချစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ တပည့်လက်သားတွေနဲ့ ဘားအံမြို့ သွန်းဘုရားကြီးမှာ မှန်စီရွှေချ
အလုပ်လုပ်ဖို့ရောက်လာတယ်။
မန္တလေးက မှန်စီရွှေချ ဆရာတွေဟာ အများအားဖြင့်ဆောင်းဝင်လာယင် မော်လမြိုင်နဲ့ သထုံနယ်ကိုရောက်လာလျှက်
ရှိပြီး ကျောင်းကန် ဘုရားတွေ၊ သိမ်တွေ၊ တန်ဆောင်းတွေကို မှန်စီရွှေချအလုပ်လက်ခံလုပ်လေ့ ရှိကြတယ်။ အဲဒီနယ်
ဖက်တွေမှာ မှန်စီရွှေချပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့ပညာသယ်တွေမရှိဘူး။ ဟိုတုန်းက ဘားအံဟာ အခုလို
ကရင်ပြည်နယ်(ကော်သူးလေ) မြို့တော်မဟုတ်သေးဘဲ သထုံခရိုင်အတွင်းက မြို့ကလေး တမြို့သာဖြစ်တယ်။
ဆရာချစ် ဘားအံရောက်ပြီး သွန်းဘုရားကြီးဝင်းထဲမှာဘဲ စတဲချနေတုန်း ခလောက်နို့ကလူတွေ စကားတတ်လှတယ်၊
ဖြတ်ထိုးဥာဏ် ကောင်းလှတယ်လို့ သတင်းတွေကြားတော့ စုံစမ်း ကြည့်ချင်လာတာနဲ့ တနေ့မှာ တပည့်တယောက်နဲ့
ခလောက်နို့ နိုင်းကြားရွာ ဘုန်းတော်ကြီးကျောင်းကို လာခဲ့တယ်။
ဘုန်းတော်ကြီးကျောင်းရောက်တော့ ဥပုတ်နေ့ဖြစ်လို့ ရွာကကျောင်းတကာကြီးတွေလဲ ကျောင်းမှာ တော်တော်စုံစုံလင်
လင်ရှိနေကြတယ်။ ဆရာချစ်ဟာ ကျောင်းတကာကြီးတွေနဲ့ အလုပ်အကိုင်အကြောင်းအပြင် တခြားစပ်မိစပ်ရာပြောကြ
ယင်း သူက ခလောက်နို့သားတွေအကြောင်း စုံစမ်းချင်တာနဲ့ ...
"ကျုပ်တို့ဆီမှာ လူရွယ်တွေ ဟိုအကြောင်းဒီအကြောင်း ပြောကြတော့ စကားနိုင်လုကြတယ်ဆိုပါတော့ဗျာ၊ ကောက်ညှင်း
စီးလှပါတယ် ဆိုတဲ့အကြောင်းကို ပြောကြတယ်။ တယောက်ပြီးတယောက် သူတို့ သူတို့ကောက်ညှင်းစီးပုံ အကြောင်းကို
ပြောတဲ့အခါ လူရွယ်တယောက်က တခြားလူတွေပြောတဲ့ကောက်ညှင်းထက် သူ့ကောက်ညှင်းကစီးတယ်၊ ဘယ်လောက်
စီးသလဲဆိုယင်သူက စားလက်စကောက်ညှင်းကိုလုံးပြီး ပစ်လိုက်တာ အိမ်ဘေးကလှည်းရံတိုင်ကိုထိတာနဲ့ ရံတိုင်မှာကပ်
နေတယ်၊ ဒါကိုကျီးကန်းတကောင်ကမြင်တော့ ကောက်ညှင်းကိုထိုးပြီးပျံပြေးတာ လှည်းကြီးပါပါသွားတယ်လို့ ဆိုတယ်။
အဲဒီလိုပြောတော့ တခြားကောက်ညှင်းတွေက သူ့ကိုအရှုံးပေးလိုက်ရတယ်" လို့ စကားစပေးတယ်။
ဒီလိုဆရာချစ်ကပြောပြတော့နားထောင်နေတဲ့ ခလောက်နို့ လှိုင်ဝါးရွာသားဖူးပန်းမွေးက "ကျုပ်တို့ဆီမှာလဲ ကောက်ညှင်း
စီးစီးကို တမင်မျိုးထားပြီးစားကြတဲ့ လူတွေရှိပါတယ်။ တလောက ရွာကအဖိုးကြီးတယောက်ဟာ ကောက်ညှင်းစီးစီးစား
ချင်တာနဲ့ ရှမ်းပြည်ကကောက်ညှင်းမျိုး မှာယူပြီး သူ့သမက်ကို အစိုက်ခိုင်းတယ်။ မျိုးကရှားရှားပါးပါးရလာတော့ လယ်
တကွက်လောက်ပဲ ကြဲခင်းလိုက်ရတယ်။
"ကောက်ညှင်းစပါးပင်တွေ ရင့်လာတဲ့အခါမှာ အနှံကလဲ အောင်အောင်မြင်မြင်၊ သန်ကလဲအင်မတန်သန်တော့ တပင်တ
ပင်ဟာ လူတရပ်လောက်မြင့်တယ်။ အချိန်ကြတော့ ရိတ်ကြပါလေရော။ ဒီနယ်မှာရိတ်တယ်ဆိုတာက ရိုးပြတ်ကို အရှေ
ကြီးချန်ထားပြီး အနှံနားကကပ်ရိတ်ကြတာကလား။ ရိတ်လို့ပြီးတော့ ကောက်ညှင်းကလဲ လယ်တခွက်စားလောက်က
လေးဖြစ်တော့ နွားနဲ့တောင်မနယ်ရဘူး၊ နေလှန်း၊ အစေ့ချွေပြီး ထောင်ထုကာ ဖွတ်လိုက်ကြတာဘဲ။
ကောက်ညှင်းကိုဖွပ်ထောင်းပြီးလို့ ပုတ်ကလေးထဲ ထဲ့ထားတဲ့အချိန်မှာ အဲဒီအဖိုးကြီးရဲ့ မိတ်ဆွေတယောက်ဟာ ဆင်နဲ့
ရောက်လာတယ်။ ရောက်လာပြီး ဆင်ရဲ့နောက်ခြေတဖက်ကို ထူးခတ်ကာ ကောက်ညှင်းစိုက်တဲ့ လယ်စွန်မှာ ကောက်
ညှင်းရိုးပြတ်ပင်နဲ့ ဆင်ထူးက သံကြိုးနဲ့ချည်ပြီး ဆင်ကိုလန်ထားလိုက်တယ်။
" နေ့လယ် နေပူလာတော့ ဆင်ကြီးက သူ့ကိုထူးခတ်ပြီး လန်ထားတဲ့လယ်ကွက်ထဲမှာ မနေချင်ဘူး၊ ရုန်းတယ်။ ဒီလိုရုန်း
ပေမဲ့ ကောက်ညှင်းရိုးပြတ်ပင်က ပြုတ်မထွက်ဘူး။ အပင်ကတောင် ဒါလောက်စီးပြီးမြဲခံနေတယ်။ ဆင်ကြီးကတဖြေဖြေ
စိတ်တိုလာပြီး အားရှိသလောက်ရုန်းတယ်။ ကောက်ညှင်းစပါးပင်ရိုးပြတ်ကတော့ ဖြုံတောင်မဖြုံဘူး။ နောက်တော့ နေပူ
တာကို ဆင်ကြီးကမခံနိုင် အားကြီးလွန်းလို့အော်ပြီးအားကုန်ရုန်းတဲ့အခါ ကောက်ညှင်းရိုးပြတ်ပင်ကတော့ ဘာမှမဖြစ်ဘူး
နဲ့တောင်မနဲ့ဘူး။ လယ်ကွက်ကြီးသာ ဆင်ရဲ့အားကိုမခံနိုင်လို့ ရွဲ့သွားတယ်။ အဲဒီလောက်စီးတဲ့မျိုး " လို့ ပြန်ပြောလိုက်
တယ်။
ဒီတော့ ဆရာချစ်က "အပင်တောင်ဒီလောက်စီးနေယင် ခင်ဗျာ့ကောက်ညှင်းကို စားတော့ကောဗျာ" လို့ ဆက်မေးတယ်။
ဒီတခါဖူးပန်းမွေးက " အဲ....အဖိုးကြီးကလဲ ဧည့်သယ်ပြန်သွားတော့ စမ်းကြည့်ရအောင်ဆိုပြီး သူ့ကောက်ညှင်းကို သူ့ဖာ
သာချက်ပြီးစားကြည့်တယ်။ အရသာကလဲကောင်း၊ အဆီအပြားကလဲရှိနဲ့ ကောင်းလှတယ်လို့ဆိုတယ်။ မနက်ကျလို့အဖိုး
ကြီးက ထပြီး တပိုးတပါးသွာတဲ့အခါတော့ ကောက်ညှင်းဟာ ၀မ်းထဲမှာစီးခံနေတာနဲ့ ပါချလိုက်တဲ့မစင်ဟာ မပြတ်လို့ ၂
ရက်တိတိအိမ်သာထဲမှာ ထိုင်နေရသတဲ့ " လို့ သူ့စကားကို အဆုံးသတ်လိုက်တယ်။
ဒီတော့မှ မန္တလေးကမှန်စီရွှေချဆရာ ဦးချစ်က " ခင်ဗျာတို့ ခလောက်နို့ကောက်ညှင်းက ကျုပ်တို့ကောက်ညှင်းထက် စီး
ပါပေတယ် " လို့ ၀န်ခံပြီး ဘားအံကို ပြန်လာခဲ့တယ်လို့ သိရတယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Labels:
kaloutnok tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment