Sunday, November 1, 2009
အတွဲကောင်းတဲ့ မီးပုံး
ခလောက်နို့ နယ်တ၀ိုက်က ရွာတွေမှာ တန်ဆောင်မုန်းလပြည့်နေ့ မီးပုံးလွှတ်ပွဲတွေ ခေတ်စားလှတဲ့အချိန်က ဖြစ်တယ်။
ထုံးစံက ရွာတွေမှာမိုးချုပ်တာနဲ့ မီးပုံးကြီးတွေကိုအတီးအမှုတ် အကအခုန်နဲ့ ပျော်ပျော်ပါးပါး လွှတ်လိုက်ပြီးယင် ဒီလူတွေ
ဟာ ဘုန်းကြီးကျောင်းကိုသွားကြကာ ကျောင်းမှာမီးပူဇော်ကြတဲ့ပွဲပါ ဆက်လုပ်ကြတယ်။ ကျောင်းဝင်းထဲမှာလည်း ဒုံးတို့
သြပွဲတို့ မိုးအလင်းကျင်းပလေ့ရှိကြတယ်။
တနှစ် တန်ဆောင်မုန်းလပြည့်နေ့ ညနေ၆နာရီလောက်မှာ ခလောက်နို့လှိုင်ဝါးရွာက အင်မတန်စကားပြောကောင်းတယ်
အကင်းပါးတယ်လို့ နာမယ်ကြီးတဲ့ ဖူးပန်းမွှေးအိမ်ကို မိတ်ဆွေဖြစ်တဲ့ ဖူးရွှေလဲ့ ဆိုတဲ့လူတယောက် မောကြီးပန်းကြီးနဲ့
ရောက်လာပြီး . . .
" မောလိုက်တာကွာ၊ ကျုပ်တယောက်ထဲ ဘာမှမတတ်နိုင်တာနဲ့ လက်ရှော့ပြီးပြန်ခဲ့ရတယ်၊ အနောက်တောအုပ်ကတော
စပ်မှာ မီးပုံးတလုံးကျနေတယ်၊ အတွဲတွေကလဲ အင်မတန်ကောင်းတယ်၊ ကျတာက အင်ပင်ကြီးပေါ်မှာဖြစ်နေလို့ တက်
လဲမတက်နိုင်၊ ဘာမှလဲမလုပ်နိုင်တာနဲ့ လက်ရှော့ပြန်ခဲ့ရတယ်၊ မောရတဲ့အထဲ ဆာကလဲဆာလိုက်တာ " လို့ ဖူးပန်းမွှေး
ကို ပြောတယ်။ ဒီတော့ ဖူးပန်းမွှေးက " ဟာ ဒီလိုဆို ဒို့သွားမှပေါ့၊ ကဲ မင်းထမင်းဆာနေယင် စားလိုက်အုံး " လို့ပြောပြီး
ထမင်းပြင်ကျွေးတယ်။
ပြီးတော့ အတွဲကောင်းတယ်ဆိုတဲ့စကားကြောင့် ဖူးပန်းမွှေးဟာ အိမ်ပေါ်ကဆင်းပြီး အဖေါ်တယောက်သွားခေါ်လာ
တယ်။ နောက်မီးဖိုထဲမှာ ထောင်ထားတဲ့လွှကြီးကိုထမ်းပြီး ဖူးရွှေလဲ့ပြောတဲ့တောအုပ်ကို ထွက်သွားကြတယ်။ လွှကြီးကို
ယူသွားတဲ့အကြံကတော့ လူမတက်နိုင်ယင် အင်ပင်ကြီးကို လှဲပစ်ဖို့ဖြစ်တယ်။ " လူတွေဦးမသွားခင် မြန်မြန်သွားနှင့်ကြ၊
ကျုပ်ထမင်းစားပြီးတာနဲ့ ချက်ခြင်းလိုက်ခဲ့မယ် " လို့ ဖူးရွှေလဲ့ကပြောပြီး ထမင်းကိုဆက်စားနေတယ်။
မီးပုံးအတွဲ ကောင်းတယ်ဆိုတာက ခလောက်နို့နယ်ကလူတွေ တန်ဆောင်မုန်းလ မီးပုံးလွှတ်ပွဲလုပ်တဲ့အခါ တွဲအဖြစ်မီး
ပုံးကလေးတွေ ချိတ်မပေးလိုက်ဘဲ မီးပုံးကလေးတွေအစား လူသုံးပစ္စည်းဖြစ်တဲ့ မျက်နှာသုတ်ပုဝါတို့၊ လက်ကိုင်ပုဝါတို့၊
ခေါင်းပေါင်းတို့၊ ပုဆိုးအင်္ကျီတို့ ချိတ်ပေးလိုက်တာကို အတွဲလို့ခေါ်ပြီး ပစ္စည်းကအဖိုးတန်ယင် အတွဲကောင်းတယ်လို့
ဆိုတယ်။ ဖူးပန်းမွေးနဲ့အဖေါ်ဟာ အင်တောထဲရောက်တော့ ဖူးရွှေလဲ့ပြောလိုက်တဲ့ မီးပုံးတင်နေတဲ့အင်ပင်ကြီးကို လိုက်
ရှာကြတယ်။ မီးပုံးချိတ်နေတဲ့ ဘယ်အင်ပင်တပင်မှ မတွေ့ဘူး။
ဒီတင် သူ့ကို ဖူးရွှေလဲ့ကညာလိုက်ပြီး၊ လူလိမ်ခံရပြီးလို့ သဘောပေါက်ပြီး အိမ်ကိုပြန်ခဲ့တယ်။ အိမ်ရောက်တော့ ထမင်း
ဝိုင်းက ဒီအတိုင်း စားကြွင်းစားကျန်တွေနဲ့ ရှိပေမဲ့ ဖူးရွှေလဲ့ကိုမတွေ့ဘူး။ အချိန်ကလဲ မိုးချုပ်လှပြီးဖြစ်လို့ ကျောင်းကမီး
ပူဇော်ပွဲကိုလဲ သွားဘို့မမှီတော့ဘူး။
ဒါနဲ့ ဖူးပန်းမွှေးဟာ သူ့ဘုးရားစင်ရှေ့ကိုသွားကာ ဆောင့်ကြောင့်ထိုင်ပြီး " အရှင်ဘုရား တပည့်တော်ဟာ ကျောင်းကမီး
ပူဇော်ပွဲကို မမှီတော့ပါ၊ မကောင်းတဲ့ဘေးရော၊ လူများရဲ့အလိမ်ကို ခံရတဲ့ဘေးရော ကင်းဝေးရပါလို၏ ။ လိမ်တဲ့လူကို
ထမင်းတနပ် ကျွေးလိုက်ရတဲ့ ကုသိုလ်ကြောင့် တောင်းတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ " လို့ ဆုတောင်းပြီး ဦးချလိုက်သတဲ့ ။
Labels:
kaloutnok tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment