ရှေးတုန်းကရွာတရွာမှာ အလွန်ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ဟာ တယောက်ကိုတ
ယောက် အလွန်ချစ်ခင်ကြတာကြောင့် ပြောမနာ ဆိုမနာ အမြဲတမ်းကျီစယ်နောက်ပြောင်လေ့ ရှိကြတယ်။
သူတို့နှစ်ယောက်ဟာ တရွာထဲသားတွေဖြစ်ပေမဲ့ နောင်အခါ တယောက်က အလွန်ဝေးတဲ့ရွာတရွာမှာ အိမ်ထောင်ကျ
သွားတာကြောင့် သူငယ်ချင်းနှစ်ယောက်ဟာ တယောက်နဲ့တယောက် ခွဲပြီးနေကြရတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်
ဟာ တယောက်ကိုတယောက် ဘယ်တော့မှမမေ့ကြဘဲ အမြဲတမ်း သတိယနေကြတယ်။ မကြာမကြာဆိုသလိုလဲ တ
ယောက်အိမ်ကိုတယောက် အလည်အပတ်လာလေ့ ရှိကြတယ်။ တနေ့တော့တခြားရွာမှာ အိမ်ထောင်ကျနေသူဟာ သူ့
သူငယ်ချင်းကို သတိယလွမ်းဆွတ်တာကြောင့် ကောင်းနိုးရာရာ လက်ဆောင်တွေကိုယူပြီး သူငယ်ချင်းအိမ်ကို လာ
တယ်။
အဝေးရောက်သူငယ်ချင်းလဲ ကောင်းတဲ့လက်ဆောင်တွေယူပြီး မမျှော်လင့်ဘဲ ရောက်လာလို့ ရွာကသူငယ်ချင်းဟာဝမ်း
သာလုံးဆို့မတတ် ဖြစ်နေတယ်။ ရောက်လာတဲ့သူငယ်ချင်းကို ခရီးဦးကြိုပြုပြီး နေရာထိုင်ခင်း ကောင်းကောင်းပြင်ပေး
ပြီး အချိန်ကြာကြာ ခွဲနေခဲ့ကြရတာကြောင့် ရှေးဟောင်းနှောင်းဖြစ်တွေကို ၂ယောက်သားအတိုးချပြီးပြောကာ ပျော်မဆုံး
ဖြစ်နေကြတော့တယ်။ အိမ်ရှင်ရွာခံသူငယ်ချင်းဟာ တရွာကရောက်လာတဲ့ တရွာသားသူငယ်ချင်းကို မနောက်မပြောင်ရ
တာကြာပြီးဆိုပြီး အခုလိုအခွင့်သင့်တုန်း တနည်းနည်းနဲ့နောက်ပြောင်ဘို့ စိတ်ကူးမိတယ်။ ဒါကြောင့် စကားပြောနေယင်း
အမှတ်တမဲ့ အိမ်ခန်းထဲကိုဝင်သွားပြီး သူ့ဇနီးကို တရွာသား သူငယ်ချင်းအတွက် ထမင်းကျွေးတဲ့အခါ ထူးထူးထွေထွေ
ဘာဟင်းမှ ချက်မကျွေးဘဲ တို့စရာမပါတဲ့ ငါးပိရည် တခွက်လောက်သာ ထည့်ကျွေးဘို့ မှားထားလိုက်တယ်။
ဒီနောက် သူဟာ အိမ်ရှေ့ခန်းသူငယ်ချင်းရှိရာကို ပြန်လာပြီး " ကဲသူငယ်ချင်းရေ့ ရောက်တုန်းပေါက်တုန်း ငါ့မိန်းမက
သူငယ်ချင်းကို အထူးကျွေးဘို့ ငါးပေါင်းစုံဟင်းကို ချက်သတဲ့ဗျာ၊ ငါတော့ဝမ်းသာတယ်ဗျာ၊ အချင်းချင်း မတွေ့တာကြာ
တော့ အခုလိုပြန်တွေ့ကြတုန်း စားကောင်းသောက်ဖွယ် ငါးပေါင်းစုံဟင်းနဲ့ကျွေးရတော့ ဘယ်ဝမ်းမသာဘဲနေနိုင်ပါ့မလဲ "
လို့ ရယ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။ ခဏကြာတော့ ဧည့်သည်သူငယ်ချင်းကို မီးဖိုထဲမှာ ထမင်းပွဲပြင်ပြီးလို့ ထမင်းလက်
ဆုံအတူတူစားဘို့ အိမ်ရှင်သူငယ်ချင်းက ခေါ်လိုက်တယ်။
တရွာကရောက်လာတဲ့ ဧည့်သည်သူငယ်ချင်းဟာ ခရီးပန်းလာတာကြောင့် အလွန်ဆာနေတယ်။ အိမ်ရှင်သူငယ်ချင်းက
ကောင်းတဲ့ ငါးပေါင်းစုံဟင်းနဲ့ ကျွေးမယ်ဆိုတာကြောင့်လဲ ၀မ်းသာပြီးမျှော်နေမိတယ်။ ဒါကြောင့် သူဟာခြေလှမ်းသွက်
သွက်နဲ့ အိမ်ရှင်သူငယ်ချင်းခေါ်တဲ့ မီးဖိုးခန်းကိုလိုက်လာတယ်။ ဒါပေမဲ့ ဧည့်သည်သူငယ်ချင်းဟာ ကြာကြာဝမ်းမသာနိုင်
ဘူး။ သူဟာ ထမင်းဝိုင်းကိုရောက်တဲ့အခါ ထမင်းတပန်းကန်နဲ့ ငါးပိရည်ကျဲကျဲတခွက်ကိုသာ ပြင်ဆင်ထားတာကို တွေ့ရ
တာကြောင့်ဖြစ်တယ်။ သူ့ထင်မြင်ချက်နဲ့ အခုလက်တွေ့ကြုံရတာဟာ လွဲချင်တိုင်းလွဲနေတာကို တွေ့ရတာကြောင့် အိမ်
ရှင်သူငယ်ချင်းက ငါးပေါင်းစုံဟင်းနဲ့ ကျွေးမယ်ဆိုတာကို နားမလည်နိုင်အောင်ဖြစ်တယ်။ ငါးပေါင်းစုံဟင်း မကျက်သေး
ကြောင့် မထည့်ရသေးတာလာလို့ သံသယဖြစ်ပြီး မီးဖိုဖက်ကိုလှမ်းကြည့်သေးတယ်။ ဒါပေမဲ့ ဟင်းအိုတည်ထားတာကိုမ
ဆိုထားနဲ့ ဟင်းအိုနဲ့တူတဲ့အိုဆိုလို့ ဘာအိုမှမတွေ့ဘူး။ ဒါကြောင့် မျက်နှာပျက်ပျက်နဲ့ ထမင်းကို ကုန်ပြီးစားနေတယ်။ သူ
ထမင်းစားနေတုန်း အိမ်ရှင်ဖြစ်တဲ့သူငယ်ချင်းက " စားပါသူငယ်ချင်းစားပါ၊ အားမနာတမ်းစားစမ်းပါ၊ ငါးပေါင်းစုံဟင်းက
ဘယ်နဲ့နေသလဲ၊ ငါးပေါင်းစုံဟင်းကိုသာ ခက်ရွှဲရွှဲဆမ်းပါ သူငယ်ချင်း " စတဲ့ လောကွက်စကားတွေ တွင်တွင်ပြောနေ
တယ်။ ဧည့်သည်သူငယ်ချင်းဟာ အဲဒီအချိန်ထိ သူ့သူငယ်ချင်းဘာကိုဆိုလိုတယ်ဆိုတာကို တွေးလို့မရဘူး။ သူကမကြေ
နပ်တဲ့အမူအရာနဲ့ အိမ်ရှင်သူငယ်ချင်းကို " မဟုတ်သေးပါဘူး သူငယ်ချင်းရယ်၊ သူငယ်ချင်းကတော့ ငါးပေါင်းစုံဟင်းလို့
သာပြောနေတယ်၊ ငါတော့ဟင်းတခွက်မှမတွေ့ဘူး။ ငါးပိရည်တခွက်ကလွဲပြီး ဘာမှမတွေ့ပါလား။ ဘယ်မှာလဲ မင်းငါး
ပေါင်းစုံဟင်းဆိုတာက " လို့ ဒဲ့ဒိုးဘဲ မေးလိုက်တယ်။
အဲဒီအခါသူငယ်ချင်းက ဟက်ဟက်ပတ်ပတ် ရယ်လိုက်ပြီး " သူငယ်ချင်းနှယ် အကင်းပါးမယ်မလိုလိုနဲ့ အ,ရန်ကော။ အဲ
ဒီငပိကို ငါးပေါင်းစုံဟင်းလို့ ငါပြောတာပါ။ စဉ်းစားကြည့်လေ၊ ငါပိဆိုတာဟာ ငါးမျိုးစုံကိုစုပြီးလုပ်ထားတာ မဟုတ်လား။
ပြီးတော့ ငါးမျိုးစုံတွေဟာ ဖမ်းယူလာစက အင်မတန်လတ်ဆတ်ကောင်းမွန်တဲ့ ငါးတွေပါဘဲ။ နောက်ဒီငါးတွေပုပ်ကုန်လို့
ငါးပိဖြစ်ရတာပါ။ တကယ်ဆိုတော့ ဒါဟာ ငါးပေါင်းစုံစုပြီး ချက်ထားတဲ့ ငါးဟင်းတွေဘဲ မဟုတ်လား " လို့ ပြောပြီး စားပွဲ
ပေါ်က ငါးပေါင်းစုံဟင်းကိုအားမနာတမ်း ခပ်စားဘို့ပြောလိုက်တယ်။ အဲဒီအခါကျမှ ဧည့်သည်သူငယ်ချင်းဟာ သူ့သူငယ်
ချင်းက ဘာကိုပြောနေတယ်ဆိုတာကိုရိပ်မိတော့တယ်။ ဒါကြောင့် ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ထမင်းကိုသာ
ကုန်းပြီးစားနေတယ်။
ထမင်းစားပြီးတဲ့အခါ ဧည့်သည် သူငယ်ချင်းက " ထမင်းစားလို့မြိန်ပါပေတယ် သူငယ်ချင်း၊ သူငယ်ချင်းကို ကျေးဇူးတင်
လှပါတယ်၊ တနေ့တော့တို့ရွာ အလည်လာခဲ့ပါအုံးသူငယ်ချင်း၊ သူငယ်ချင်းကိုလဲ ဧည့်ဝတ်ပြုချင်ပါသေးတယ် " လို့ ပြော
ပြီးဖိတ်လိုက်တယ်။ ဒီနောက် ဧည့်သည် သူငယ်ချင်းဟာနှုတ်ဆက်ပြီး ရွာကိုပြန်လာခဲ့တယ်။ ရက်များမကြာခင် ငါးပေါင်း
စုံဟင်းနဲ့ ကျွေးလွတ်လိုက်တဲ့သူငယ်ချင်းဟာ အဝေးရောက်သူငယ်ချင်းဆီကို အလယ်အပတ်အနေနဲ့ ရောက်လာတယ်။
အဲဒီအခါ အိမ်ခံသူငယ်ချင်းဟာ ဧည့်ဝတ်ပြုဘို့သူ့အလှဲ့ ရောက်လာတာကြောင့် အလွန်ဝမ်းသာနေတယ်။ ဒါကြောင့် သူ့
မိန်းမကို ကရင်အမျိုးသားတွေ အလွန်ကြိုက်ပြီး ချက်ပြုတ်စားသောက်လေ့ရှိတဲ့ ' တာလပေါ့ ' ခေါ်တဲ့ ဟင်းချိုတမျိုးကို
ချက်ပြုတ်ဖို့ခိုင်းလိုက်တယ်။ အမှန်တော့ တာလပေါ့ ဟင်းချိုချက်ရာမှာ အသီး အရွက်အညွန့်မျိုးစုံထည့်ပြီး ချက်ရတယ်။
ဒါပေမဲ့သူက တာလပေါ့ဟင်းခတ်ဖို့ မျှစ်ကိုအသုံးမပြုဘဲ ၀ါးခြမ်းကိုနုတ်နုတ်စင်းပြီး ခပ်ခိုင်းတယ်။ သူ့ဇနီးဟာ ၀ါးခြမ်းတွေ
ကို လက်ညှိုးအရွယ်၊ လက်မအရွယ် ဖြတ်တောက်ပြီး တာလပေါ့ ဟင်းအဖြစ် ချက်ရာမှာတခြားဟင်းတွေ ပြည့်စုံပြီး အစီ
အမံ အဆီအငေါ်ထည့်တာကြောင့် အနံ့အရသာနှင့်ပြည့်ပေမဲ့ ၀ါးဟာမျှစ်လိုမပျော့ပြောင်းတာကြောင့် စားလို့မရဘူး။
ထမင်းစားချိန်ကျတဲ့အခါ အိမ်ခံသူငယ်ချင်းက သူဖိတ်လို့ရောက်လာတဲ့ သူငယ်ချင်းကို ထမင်းဝိုင်းထဲခေါ်လာပြီး " ကဲ
သူငယ်ချင်း ထမင်းစားကြစို့၊ သူငယ်ချင်းလို ငါးပေါင်းစုံဟင်းနဲ့ ချက်မကျွေးနိုင်တာကိုတော့ ၀မ်းနည်းပါတယ်။ ဒါပေမဲ့ သူ
ူငယ်ချင်းအတွက် အင်မတန်အရသာနဲ့ပြည့်စုံတဲ့ တာလပေါ့ဟင်းကိုတော့ အထူးစီမံပြီးချက်ထားပါတယ်၊ အားမနာတမ်း
စားစမ်းပါ သူငယ်ချင်း " လို့ လောက၀တ်ပြုပြီး မြိန်မြိန်ရှက်ရှက် စားသောက်ဖို့ပြောတယ်။
ဧည့်သည်သူငယ်ချင်းဟာ တာလပေါ့ဟင်းကို နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်သူဟာ တာလပေါ့ဟင်းကို ခပ်ယူပြီး အား
ရပါးရစားလိုက်တဲ့အခါ မျှစ်တွေမဟုတ်ဘဲ မာတဲ့ဝါးခြမ်းပြားတွေကို ကိုက်မိရက်သာဖြစ်တော့တယ်။ ဒါနဲ့ " ဘယ့်နှယ် သူ
ငယ်ချင်း မျှစ်တာလပေါ့ဟင်းက မျှစ်မဟုတ်ဘဲ ၀ါးခြမ်းပြားတွေဖြစ်နေပါလား " လို့ ပြောလိုက်တယ်။ အဲဒီအခါ အိမ်ခံသူ
ငယ်ချင်းက တဟားဟားနဲ့ရယ်လိုက်ပြီး " ဟာ သူငယ်ချင်း ၀ါးခြမ်းပြားက မျှစ်ကဖြစ်လာတာဘဲ မဟုတ်လား၊ အခုမှသာ
ဝါးခြမ်းပြာဖြစ်နေတာပါ၊ အရင်ကတော့ မျှစ်ပါဘဲ။ စားပါ၊ ၀ါးခြမ်းပြားပေမဲ့ မျှစ်အဖြစ်နဲ့ အမှတ်ပြုပြီးစားပါ " လို့ ပြန်ပြော
လိုက်တယ်။ အဲဒီ ဧည့်သည်သူငယ်ချင်းဟာ သူကငါးပိကို ငါးပေါင်းစုံဟင်းလုပ်ပြီး ကျွေးခဲ့တာကို အခုပြန်ပြီးကလဲ့စားချေ
တဲ့ သူငယ်ချင်းရဲ့ရည်ရွယ်ချက်ကို ရိပ်မိလာပြီး ဘာမှမပြောတော့ဘဲ ထမင်းကို ဆက်ပြီးစားနေတော့တယ်။
ဧည့်သည်သူငယ်ချင်းက ထမင်းစားပြီးလို့ အိမ်ကိုပြန်ဘို့ အိမ်ခံသူငယ်ချင်းကို နှုတ်ဆက်တဲ့အခါ ဧည့်သည်သူငယ်ချင်းက
" သူငယ်ချင်းရေ၊ သူ့အလှည့်ကိုယ့်အလှည့်ဆိုသလို အပြန်အလှန်ကျွေးပြီးကြပါပြီး၊ နောက်ဒီလိုဟင်းမျိုးနဲ့ ဧည့်ဝတ်မပြု
ကြစတမ်း ကတိပေးကြပါစို့လား " လို့ ပြောလိုက်တော့ အိမ်ခံသူငယ်ချင်းက သဘောတူတဲ့အနေနဲ့ ရယ်မောပြီး " ငါကမ
စ, ပါဘူးကွာ၊ အေ... ကောင်းပါပြီး " လို့ ဆိုကာ ခေါင်းညိတ်လိုက်တယ်။ (ပိုးကရင်ပုံပြင်)
No comments:
Post a Comment